Home
မြန်မာသတင်း
တက္ကသိုလ်ကျောင်းသား ၂ ဦး တီထွင်သည့် ပိုးသတ်ခန်း လွိုင်ကော်ဆေးရုံလှူဒါန်း
နော်နိုရင်း
·
April 27, 2020
ကယားပြည်နယ်၊ လွိုင်ကော် ကွန်ပျူတာတက္ကသိုလ်ကျောင်းသားနှစ်ဦးကနေ တီထွင်တဲ့  ပိုးသတ်ခန်း Disinfection Chamber ကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို ဒီကနေ့ လှူဒါန်းလိုက်ပါတယ်။  လွိုင်ကော်ကွန်ပျူတာ တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုအောင်မြတ်နဲ့ တတိယနှစ်ကျောင်းသား နိုင်အောင်ဖြိုးတို့ ပူးပေါင်းပြီး ပိုးသတ်ခန်း Disinfection Chamber  ကို အလှူရှင်နဲ့ကျောင်းဆရာတွေဆီကရရှိတဲ့ ငွေနဲ့လုပ်ဆောင်ခဲ့တာလို့ ကိုအောင်မြတ်က ပြောပါတယ်။  ဒီပိုးသတ်ခန်းကို ကျပ်ငွေ ၆၀၈,၀၀၀ ကုန်ကျ လုပ်ဆောင်ခဲ့တာဖြစ်ပြီး လွိုင်ကော်ပြည်သူ့ ဆေးရုံမှာ ပြင်ပလူတွေဖြန်းဖို့အတွက် မဟုတ်ဘဲ ဆေးရုံရှိ အရေးပေါ်ဌာနအတွင်း PPE ၀တ်ဆင်ထားသော သူတွေအတွက် လှူဒါန်းတာလို့  ကိုအောင်မြတ်က ပြောပါတယ်။ “ကျနော်တို့ကတော့ PPE သမားတွေပေါ့၊ အဓိကတော့ စောင့်ကြည့်လူနာတွေရယ်၊ အဓိက အရေးကြီးလူနာတွေအတွက် ရောဂါပိုးမကူးစက်နိုင်အောင်၊ ရောဂါပိုးပါလာခဲ့သည်ရှိသော် PPE မှာ ကပ်လာတာတွေရှိတယ်။ အဲတော့ Disinfection Chamber  ထဲကိုဝင်ပြီး ဆေးဖြန်းလိုက်မယ်ဆိုရင် ကူးစက်မှုကတော့ လျော့သွားမယ်ပေါ့နော်။ ” ဒီပိုးသတ်ခန်း Disinfection Chamber   လုပ်ဆောင်ပုံကတော့  Chamber ထဲမ၀င်ခင်မှာ Ultrasonic Sensor ကို အ၀မှာ တပ်ဆင်ထားပြီး အဲဒီ  Sensor ကို သတ်မှတ်ထားတဲ့အကွာအဝေး အတွက် လက်လေးပြလိုက်ယုံနဲ့ In Door ဟာ Auto ဖွင့်ပေးသွားမှာဖြစ်ပါတယ်။  ပိုးသတ်ခန်းထဲကို ဝင်လိုက်တာနဲ့ ပထမဆင့် ရေဖြန်းပေးမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ ဆေးဖြန်းမှာဖြစ်ပါတယ်။ ဆေးဖြန်းပြီးရင်တော့ တတိယအဆင့်အနေနဲ့ ရေပြန်ဖြန်းတဲ့စ နစ်လုပ်ထားပြီး အဆင့်တခုစီတိုင်းကို စက္ကန့် ၂၀ သတ်မှတ်ထားတယ်လို့ ကိုအောင်မြတ်က ရှင်းပြပါတယ်။  ဒီပိုးသတ်ခန်းကို အချိန်တပတ်ကျော်ယူ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဓိကကတော့ ကွန်ဗစ်-၁၉ ဖြစ်နေချိန် တထောင့်တနေရာကနေ ပါဝင်ကူညီပေးရလို့ ဝမ်းသာကြောင်း ပြောပါတယ်။ “ကျနော်တို့ကတော့ တထောင့်တနေရာကနေ ကူညီပေးနိုင်လို့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ပီတိဖြစ်တယ်ပေါ့။” လွိုင်ကော်ပြည်သူ့ဆေးရုံကို Disinfection Chamber တလုံးအပြင် Automatic hand washing နှစ်လုံးကိုလည်း လှူန်ဒါန်းထားကြောင်း ကိုအောင်မြတ်က ပြောပါတယ်။  ဒီလို အများပြည်သူ ကျန်းမာရေးအတွက် ပိုးသတ်ခန်း Disinfection Chamber ဆက်လုပ်ထုတ်လုပ်နိုင်ဖို့ အလှူရှင်တွေ ပါဝင်လှုဒါန်းပေးနိုင်ဖို့လည်း ကိုအောင်မြတ်က မျှော်လင့်နေပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024