Homeမြန်မာသတင်း
ဧရာဝတီတိုင်း၌ ကျန်းမာရေးသတ်မှတ်ချက် မလိုက်နာသည့်စက်ရုံများကို ပြန်ဖွင့်ခွင့်မပေးဟု ဝန်ကြီးပြော
ဧရာဝတီတိုင်း၌ ကျန်းမာရေးသတ်မှတ်ချက် မလိုက်နာသည့်စက်ရုံများကို ပြန်ဖွင့်ခွင့်မပေးဟု ဝန်ကြီးပြော
DVB
·
April 27, 2020
ဧရာဝတီတိုင်းအတွင်း ကျန်းမာရေးဌာန သတ်မှတ်ချက်တွေအတိုင်း မလိုက်နာနိုင်တဲ့ စက်ရုံ အလုပ်ရုံတွေကို ပြန်လည်ဖွင့်လှစ်ခွင့်မပေးဘူးလို့ တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း အထည်ချုပ်စက်ရုံတွေ စစ်ဆေးမှုမှာ ဖယ်ရီကားစီးတာ လူများနေတာနဲ့ စက်ရုံထဲ အလုပ်လုပ်ကိုင်ရာမှာ ၆ ပေအကွာ လုပ်ဖို့ ကိစ္စတွေမှာ အဆင်မပြေဘူးလို့ ဝန်ကြီးက ပြောပါတယ်။
“ဖယ်ရီကိစ္စနဲ့ ၆ ပေကိစ္စ၊ သူတို့ မလိုက်နာနိုင်ဘူး၊ လုပ်မပေးနိုင်ဘူးဆိုရင်တော့လည်း ဖွင့်ခွင့်ပြုဖို့ ခဲယဉ်းတယ်။ ၆ ပေကိစ္စက စက်ရုံထဲမှာ အလုပ်လုပ်လို့ရှိရင်လည်း တတ်နိုင်သလောက် ဘေးတိုက်အနေအထား မျက်နှာချင်းဆိုင်မဖြစ်အောင် ၆ ပေမှ မခွာနိုင်ရင် ပလတ်တစ်လို့ အကာအရံမျိုးနဲ့ လုပ်ဖို့ အကြံပြုခဲ့တယ်။”
ဧရာဝတီတိုင်းထဲက စက်ရုံ၊ အလုပ်ရုံ ၃၀၀ ကျော်မှာ ၁၅၃ ရုံကို ဧပြီ ၂၆ ရက်နေ့အထိ စစ်ဆေးပြီး ဖြစ်ပြီး ကျန်စက်ရုံ အလုပ်ရုံတွေကို ဆက်လက်စစ်ဆေးနေတယ်လို့ ဝန်ကြီးက ပြောပါတယ်။
“လာစစ်ဆေးပေးပါဆို တင်လာတာတွေရှိတယ်၊ အဓိက အထည်ချုပ်တွေပေါ့။ တတိုင်းလုံးဆို စက်ရုံအလုပ်ရုံ ၃၀၀ ကျော်ရှိတယ်။”
ဖယ်ရီကိစ္စကော၊ ၆ ပေကိစ္စကော သဘောတူထားတဲ့ဟာကို ဖောက်ဖျက်ပြီး မလိုက်နာပါက အရေးယူသွားမယ်လို့ ဆိုပါတယ်။
စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေကို ဧပြီ ၂၀ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တိုင်းဒေသကြီးအဆင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့ ၂ ဖွဲ့နဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။
စည်သူမောင်မောင်