Home
မြန်မာသတင်း
၁ လကြာ ရပ်ထားသည့် မွန်ပြည်နယ် ခရီးသွားကျန်းမာရေးစစ်ဆေးမှုများ ပြန်လည်စတင်
DVB
·
April 27, 2020
မွန်ပြည်နယ်အတွင်း ၁ လအကြာ ရပ်နားထားတဲ့ ခရီးသွားကျန်းမာရေးစစ်ဆေးမှုကို ပြန်လည် စတင်နေပြီလို့ ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။  မွန်ပြည်နယ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် Covid 19 ရောဂါ စတင်ဖြစ်ပွား မတ်လအတွင်းမှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဦးဆောင်ပြီး မြို့ဝင်ဂိတ်တွေမှာ ခရီးသွား ကျန်းမာရေး စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲလို ကျန်းမာရေးစစ်ဆေးတာတွေဟာ မတ်လကုန်မှာ ရပ်နားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါ မွန်ပြည်နယ်ဟာ Covid 19 ရောဂါနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ အခြေအနေတွေကို ဆက်လုပ်ထိန်းသိမ်းဖို့ ကျန်းမာရေး စစ်ဆေးတာတွေကို ပြည်နယ်ဝင်ပေါက်တွေ မှာ ပြန်လည်လုပ်ဆောင်နေပြီလို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သန်းဝင်းက ပြောပါတယ်။ ခရီးသွား ကျန်းမာရေး စစ်ဆေးမှုတွေကို ဧပြီ ၂၆ ရက်ကစပြီး ကျိုက်ထိုမြို့နယ် အဝင်ပေါက်မှာ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းအပြင် တခြားတိုင်းနဲ့ ပြည်နယ်က ပြန်လာတဲ့သူတွေကို စတင် စစ်ဆေးနေတာပါ။ ဒါအပြင် ကရင်ပြည်နယ် ဘားအံနဲ့ ဘုရားသုံးဆူ ဝင်ပေါက်တွေကနေ မွန်ပြည်နယ် လာမယ့်သူတွေကို မော်လမြိုင် စက်မှုဇုန်နဲ့ သံဖြူဇရပ်မြို့နယ်တွေမှာ ဗမာတိုင်းရင်းသားရေးဝန်ကြီးနဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နှစ်ဦးက ဦးဆောင်ပြီး ဌာနပေါင်းစုံ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က လာမယ့်အပတ်အတွင်း စတင်စစ်ဆေးသွားဖို့ ရှိနေပါတယ်။ အဲဒီလို စစ်ဆေးရာမှာ COVID-19 ရောဂါလက္ခဏာပြတဲ့သူတွေကို Quarantine ၂၁ ရက် ထားရှိသွားမယ်လို့ ဦးမြင့်သန်းဝင်းက ပြောပါတယ်။ အခုလို ကျန်းမာရေး စစ်ဆေးတာတွေကို ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်နေတာဖြစ်ပြီး မွန်ပြည်နယ်အတွင်း ဝင်လာတဲ့သူမှန်သမျှကို  ကျန်းမာရေး စစ်ဆေးတာနဲ့ အချက်အလက် ကောက်ယူတာတွေ လုပ်ဆောင်နေတယ်လို့ ကျိုက်ထိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်က ဒေါက်တာခင်ဆောင်က ပြောပါတယ်။ ဌာနပေါင်းစုံ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ရဲ့ ကျန်းမာရေး စစ်ဆေးမှုတွေကို နေ့၊ ည အဆိုင်း ၂ ဆိုင်းခွဲပြီး လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ မွန်ပြည်နယ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် Covid 19 ရောဂါ ဖြစ်ပွားသူ လူနာအမှတ် ၂၇ တဦးသာ ရှိနေပြီး အခုအခါ ရောဂါပိုးမရှိတော့ဘဲ ကျန်းမာရေး ကောင်းမွန်လာနေပြီလို့ သိရပါတယ်။ ဇော်လွင်ထွဋ် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024