တရုတ်နိုင်ငံ၌ သွားရောက်အလုပ်လုပ်နေသူ ၁၀၀ ကျော် မကွေးတိုင်းသို့ ပြန်လည်ဝင်ရောက်
DVB
·
April 27, 2020
တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်သူ ၁၀၀ ကျော်လောက် မကွေးတိုင်းအတွင်းကို ဧပြီ ၂၄ ရက်ကနေ ၂၆ ရက်နေ့အတွင်း ပြန်လည်ဝင်ရောက်လာတယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောပါတယ်။
မကွေးတိုင်းလူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက တရုတ်နိုင်ငံက ပြန်လာတဲ့ အဲဒီလူတွေကို ကချင်ပြည်နယ် လွယ်ဂျယ်ဘက် ကားလွှတ်ပြီး သွားခေါ်ခဲ့တာလို့ ဒီဗွီဘီကို ပြောပါတယ်။
“မကွေးတိုင်း အတွင်းမှာရှိတဲ့ မြို့နယ် ၈ ခုလောက်ကို လူဦးရေ ၁၀၀ ကျော်လောက် တရုတ်နိုင်ငံကပြန်ဝင်လာတာပါ။ ပြန်ရောက်လာတဲ့သူတွေကို မကွေးမြို့မှာ စုမထားဘဲ မြို့နယ်တွေအရောက်ပို့ဆောင်ပေးပြီး မြို့ပေါ် Quanrantine စင်တာတွေမှာ Facility Quarantine ပြုလုပ်ပေးမှာဖြစ်ပါတယ်။ လွယ်ဂျယ်ဂိတ် ဘက်ကနေ ပြန်လာမယ့် သူတွေကို စာရင်းတောင်းထားပြီး နောက်ထပ်လည်း ထပ်မံ ခေါ်ဆောင်ဖို့ရှိပါတယ်။ ကျေးရွာတွေထိ ပို့ဆောင်မပေးဘဲ နေရေးထိုင်ရေး၊ စားရေးသောက်ရေး ၊ကျန်းမာရေးစောင့်ရှောက်မှုတွေ အစစအရာရာ အဆင်ပြေအောင် မြို့ပေါ်တွေမှာပဲ ၂၁ ရက် Facility Quarantine ပြုလုပ်ပေးမယ်။"
မကွေးတိုင်းကနေ တရုတ်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်သူများပြားပြီး တနိုင်ငံလုံး အတိုင်းတာနဲ့ အများဆုံးပြန်လည်ဝင်ရောက်လာနိုင်တယ်လို့ မကွေးတိုင်းအစိုးရအဖွဲ့က သိရပါတယ်။
သတင်း-မင်းထီး