ချီကာဂိုရှိ အပယ်ခံလူများအတွက် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရန် လူမည်းဆရာဝန်များ အဖွဲ့ဖွဲ့

Reuters
အမေရိကန်နိုင်ငံ ချီကာဂိုမြို့ တောင်ပိုင်းက လူမည်းအမျိုးသမီးဆရာဝန်တွေဟာ အပယ်ခံ လူ့အသိုင်းအဝိုင်းထဲက လူတွေအတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိ၊ မရှိ အခမဲ့စစ်ဆေးပေးဖို့ ကုမ္ပဏီတရပ်ကို စတင်ဖွဲ့စည်းလိုက်ပါတယ်။  ဆေးရုံအရေးပေါ်ခန်း အထူးကုဆရာဝန် သင်တန်းသူ နာနာအာဖိုမာနင်ဟာ လူမည်းတွေနဲ့ တခြားလူနည်းစု လူ့အဖွဲ့အစည်းဝင်တွေအပေါ် ဗိုင်းရပ်စ် ကူးစက်မှုကို စိုးရိမ်နေတာပါ၊ COVID-19 ကူးစက်မြန် ပြင်းထန်အဆုတ်ယောင် ရောဂါကြောင့် အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသားတွေ သေဆုံးနိုင်မယ့် အလားအလာ ပိုများတယ်လို့ အချက်အလက်တွေက ပြနေပါတယ်။ ဒါကြောင့် အာဖိုမာနင်ဟာ သူ့လို အာဖရိကန်အမေရိကန်နွယ်ဖွား လုပ်ဖော်ကိုင်ဖက် ၂ ယောက်နဲ့အတူ My CovidMD လို့ နာမည်ပေးထားတဲ့ ကုမ္ပဏီတရပ် ထောင်ခဲ့ပါတယ်။  ဆင်းရဲတဲ့ လူတွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး ကျန်းမာရေး ရင်းမြစ်တွေနဲ့ ချိတ်ဆက်ပေးဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။  ဧပြီ  ၂၄ ရက်က စပြီး ကုမ္ပဏီက ရောဂါခုခံနိုင်တဲ့ ပဋိပစ္စည်း antibody တွေ သွေးထဲမှာ ရှိ၊ မရှိ အခမဲ့ စစ်ဆေးခဲ့ပါတယ်။ ရောဂါကပ်ဘေးဟာ ကာလကြာရှည်ရှိနေတဲ့ ဆေးကုခွင့် ရနိုင်စွမ်း မညီမျှမှုကို ထင်ရှားအောင် မီးမောင်းထိုးပြနေတယ်။  ဒါပေမယ့် ကူးစက်မှုဒဏ်ကတော့ လူ့အဖွဲ့အစည်းအားလုံးက လူအားလုံးခံစားရမှာဖြစ်လို့ အပြောင်းအလဲကို အောက်ခြေထိ ရောက်အောင် ပြောင်းနိုင်ဖို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။  “နိုင်ငံတနိုင်ငံဟာ အခြေခံအကျဆုံး နည်းလမ်းနဲ့ သူ့နိုင်ငံသားတွေကို ဂရုစိုက်နိုင်မယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ် ဘေးကို ကျော်လွှားနိုင်မှာပါ။ တကယ်လို့ ကျမတို့သာ ဒီအချက်ကို သဘောတူ နိုင်မယ်ဆိုရင် ပိုကောင်း၊ ပိုသန်မာ၊ ပိုလှပြီး ပိုကြင်နာတဲ့ အမေရိကန်နိုင်ငံ ဖြစ်လာလိမ့်မယ်။”   

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up