Homeမြန်မာသတင်း
ပျံကျစျေးပြောင်းရွှေ့မှုအပေါ် အော်ဟစ်ရန်တွေ့သည့်အမျိုးသမီးအား ကြံခင်းစည်ပင်တရားစွဲမည်
ပျံကျစျေးပြောင်းရွှေ့မှုအပေါ် အော်ဟစ်ရန်တွေ့သည့်အမျိုးသမီးအား ကြံခင်းစည်ပင်တရားစွဲမည်
DVB
·
April 27, 2020
ဧရာဝတီတိုင်း၊ ကြံခင်းမြို့မှာ CCVID-19 ရောဂါကာကွယ်ရေးအတွက် မြို့ပေါ်မှာရှိတဲ့ ပျံကျစျေးတွေအား စည်ပင်ဌာနပိုင် ဘောလုံးကွင်းကို ယာယီရွှေ့ပြောင်းတာ မကျေနပ်လို့ စည်ပင်ဌာနက တာဝန်ရှိသူတွေကို အော်ဟစ်ရန်တွေ့ခဲ့တဲ့ အမျိုးသမီးကို တရားစွဲဆိုသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဧရာဝတီတိုင်းအစိုးရရဲ့ ညွှန်ကြားမှုအရ မြို့ပေါ်က ပျံကျစျေးတွေကို ဘောလုံးကွင်းမှာ ၁ ဆိုင်ကို ၆ ပေအကွာနှုန်းနဲ့ နေရာချထားပေးတာနဲ့ ပတ်သက်ပြီး ဘောလုံးကွင်းနားမှာ နေထိုင်တဲ့ ဒေါ်ဖြူမာဝင်းဆိုသူက စည်ပင်ဌာနက ဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေကို အော်ဟစ်ရန်တွေ့တာတွေ ပြုလုပ်ခဲ့လို့ တရားစွဲဖို့ စီစဉ်နေတယ်လို့ ကြံခင်းမြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးမော်ကြီးက ပြောပါတယ်။
"ကျနော်တို့က စည်ပင်သာယာရေးဌာနပိုင်ဘောလုံးကွင်းထဲကို ရွှေ့ခဲ့တာပါ၊ တခြားမြို့တွေ မှာလည်း ပျံကျစျေးတွေကို ရွှေ့နေပါတယ်၊ အဓိကတော့ ရောဂါကာကွယ်ရေးအတွက်ပါ။ အဲ့ဒါကို ရောဂါသည်တွေထားဖို့ စီစဉ်နေတယ်ဆိုပြီး လူကြားထဲမှာ အော်ဟစ်ပြီး ရန်တွေ့တယ်၊ အဲ့တာကြောင့် ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို ဟန့်တားမှုနဲ့ တရားစွဲဆိုသွားဖို့ ကော်မတီအနေနဲ့ ဆုံးဖြတ်ထားပါတယ်" လို့ ပြောပါတယ်။
အစိုးရရဲ့ လမ်းညွှန်ချက်တွေအတိုင်း မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေက ဘောလုံးကွင်းအတွင်း ပျံကျစျေးသည်တွေကို နေရာချထားပေးနေစဉ် အဆိုပါ အမျိုးသမီးက လူအများကြားထဲ အော်ဟစ်ရန်တွေ့တာတွေ ပြုလုပ်ခဲ့သလို ရိုင်းရိုင်းစိုင်းစိုင်း အသုံးအနှုန်းတွေနဲ့ ပြောဆိုတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကြံခင်းမြို့နယ် စည်ပင်သာယာရေးကော်မတီအနေနဲ့ ဒေါ်ဖြူမာဝင်းကို ကူးစက်ရောဂါများ တိုက်ဖျက်ရေးဥပဒေနဲ့ ကြံခင်းမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုသွားဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကြံခင်းမြို့ မြို့မစျေးကြီးထဲမှာ ဆေးဝါးနဲ့ အသားငါးတွေသာ ရောင်းချခွင့်ပြုထားပြီး စျေးအတွင်းက ဟင်းသီးဟင်းရွက်နဲ့ စားသောက်ကုန်ရောင်းချတဲ့ ဆိုင်တွေကို စည်ပင်ဌာနက ဘောလုံးကွင်းအတွင်း စျေးသည်တွေကို ရွှေ့ပြောင်းရောင်းချဖို့ စီစဉ်ပေးခဲ့တာပါ။
လက်ရှိအချိန်မှာ အဆိုပါဘောလုံးကွင်းအတွင်း ပြောင်းရွှေ့ရောင်းချနေတဲ့ ယာယီစျေးမှာ စျေး ဆိုင်ပေါင်း ၁၅၀ ဖွင့်လှစ်ရောင်းချဖို့ တာဝန်ရှိသူတွေက စီစဉ်ပေးထားတယ်လို့ မြို့နယ်စည်ပင် သာယာရေးကော်မတီထံမှ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)၊ ဓါတ်ပုံ - သက်မင်းထွဏ်း (ကြံခင်း)