တောင်ကြီးမြို့က စျေးသည်နှင့် စျေးဝယ်သူများ စည်းကမ်းချက်များ လိုက်နာမှုနည်းနေ
DVB
·
April 26, 2020
တောင်ကြီးမြို့မှာ ရပ်ကွက်အလိုက် သတ်မှတ်ပေးတဲ့ ယာယီပျံကျစျေးမှာ စျေးရောင်းသူ ဝယ်သူအနေနဲ့ COVID-19 ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရေး ကျန်းမာရေးကထုတ်ပြန်တဲ့ စည်းကမ်းတွေကို လိုက်နာမှု အားနည်းနေသေးတယ်လို့ တောင်ကြီးဆေးတက္ကသိုလ်ပါမောက္ခချုပ်က ပြောပါတယ်။
စျေးသူစျေးသားတွေကနေ COVID-19 ကူးစက်ပြန့်ပွားမှာ ကိုစိုးရိမ်တဲ့အတွက် ဒီကနေ့မနက်ပိုင်းမှာ တောင်ကြီးဆေးတက္ကသိုလ်အဖွဲ့က ကာကွယ်ရေးပစ္စည်း ဝေငှပေးသလို အသိပညာပေးတွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ တောင်ကြီးဆေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာလှဝင်းမြင့်က ပြောပါတယ်။
စျေးရောင်းသူတွေက ၃ ပေခြား ရောင်းချကြပေမယ့် ဝယ်သူတွေက များလာရင် လူစုသလို ဖြစ်သွားတာတွေရှိသလို mask တွေ၊ လက်အိတ်တွေ တပ်တာလည်း နည်းနေတယ်လို့ ဆိုပါတယ်။
စျေးသူစျေးသားတွေဟာ ယာယီစျေးမှာ စျေးရောင်းနေရတာတွေ အဆင်မပြေပေမယ့် COVID-19 ကာလမို့ အဆင်ပြေသလိုလုပ်ဆောင်ရတယ်လို့ဆိုပါတယ်။
တောင်ကြီးမြို့မှာ COVID-19 ကာလတွင်း စည်ပင်သာယာစျေးတွေ အကုန်ပိတ်ထားပြီး လူစုလူဝေးမဖြစ်စေဖို့ ရပ်ကွက်တွင်း ယာယီစျေးတွေ ဖွင့်ပေးထားတာပါ။
ခွန်ရာဇာ