မကွေးတိုင်းဆေးရုံကြီးက လူနာ အမှတ် ၅၃ ကို ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေး၊ ရောဂါပိုးမတွေ့
DVB
·
April 26, 2020
မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ လူနာအမှတ် ၅၃ ကို ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးရာမှာတော့ COVID-19 ရောဂါပိုး မတွေ့ရတော့ဘူးလို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
လူနာအမှတ် ၅၃ ရဲ့ လည်ချောင်းတို့ဖတ်နဲ့ နှာခေါင်းတို့ဖတ်တို့ကို ဧပြီလ ၂၃ ရက်နေ့ညက ဓာတ်ခွဲနမူနာပေးပို့ခဲ့ပြီး ဒီကနေ့ အဖြေထွက်တာလို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
“COVID-19 ရောဂါပိုး မတွေ့ရှိရတော့ပါဘူး။ လူနာအမှတ် ၅၃ ရဲ့ နှာခေါင်းတို့ဖတ်နဲ့ လည်ချောင်းတို့ဖတ်တွေကို နောက်ထပ်တကြိမ် ဓာတ်ခွဲစစ်ဆေးသွားမှာပါ။ နောက်တကြိမ်မှာလည်း Negative ဖြစ်ခဲ့ရင် ဆေးရုံဆင်းခွင့်ပေးပြီး Facility Quarantine မှာ ၇ ရက်၊ နေအိမ်မှာ ၇ ရက် ထားပြီးရင်တော့ လွတ်လွတ်လပ်လပ် သွားလာလို့ရမှာပါ။”
မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံတွေက စောင့်ကြည့်လူနာ ၁၀၀ ကျော်ကို ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ရာမှာလည်း OVID-19 ရောဂါပိုး လုံးဝမတွေ့ရပါဘူးလို့ ဆိုပါတယ်။
မကွေးတိုင်းအတွင်း Facility Quarantine စင်တာတွေက ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကို ဓာတ်ခွဲနမူနာပေးပိုးစစ်ဆေးခဲ့ရာ မြို့သစ်မြို့နယ်နေ ထိုင်းနိုင်ငံက ပြန်လည်ဝင်ရောက်လာတဲ့ အမျိုးသားတဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး မကွေးတိုင်းပြည်သူ့ဆေးရုံကြီး သီးခြား၊ အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေတာလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
မင်းထီး