ဆိပ်ဖြူတွင် လေပြင်းကြောင့် နေအိမ် အဆောက်အအုံ ၃၃ လုံး အမိုးလန် ပျက်စီး
DVB
·
April 26, 2020
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဧပြီ ၂၅ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ်ခတ်တာကြောင့် လူနေအိမ်နဲ့ အဆောက်အအုံ ၃၃ လုံး အမိုးလန်ပျက်စီးပြီး နွား ၃ ကောင် မိုးကြိုးထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အရှေ့ကံတွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းအောင်က “နေ့လယ် ၂ နာရီ ကျော်လောက်မှာ လေက အနောက်မြောက်လေလာတာ။ မိုးပါတယ်။ မိုးက ပါးတယ်။ လေက တော်တော်ကြမ်းတယ်၊ လေတိုက်နှုန်းက တော်တော်လေးပြင်းတာ။ လေပြင်းတိုက်ခတ်တာကြာချိန် မိနစ် ၃၀ လောက်မှာ ပြီးသွားတော့ ရွာထဲလိုက်ကြည့်တော့ သစ်ပင် သစ်ကိုင်းတွေ ကျိုးကျတယ်၊ ထန်းပင်တွေ လဲတယ်။ ဓာတ်ကြိုးတွေ ပြုတ်ကျတယ်” လို့ ပြောပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် ဒေါသာကျေးရွာ၊ လက်ဆည်ကျေးရွာ၊ ဂဲကုန်းကျေးရွာ၊ အရှေ့ကံတွင်းကျေးရွာတို့မှာ လူနေအိမ် ၃၀ လုံးနဲ့ ဘော်ဒါဆောင် ၂ ဆောင် အမိုးလန် ပျက်စီးခဲ့ပါတယ်။
အရှေ့ကံတွင်းကျေးရွာမှာတော့ လူနေအိမ် ၁ လုံးပြိုကျပျက်စီးပြီး ကျောင်းရွာအုပ်စု၊ ကျွန်းမကြီးကျေးရွာ မြောက်ဘက် မကျီးပင်အရိပ်အောက်မှာ ချည်နှောင်ထားတဲ့ နွားသုံးကောင် မိုးကြိုးထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၃၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။
ကိုလင်း(ချောက်)