အတည်ပြုလူနာများထဲက လူနာ ၃ ဦးကို အထူးကြပ်မတ်ကုသပေးနေ
DVB
·
April 26, 2020
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေထဲက လူနာ ၃ ဦးကို သက်ဆိုင်ရာ ဆေးရုံတွေမှာ အထူးကြပ်မတ်ကုသပေးနေပြီး ကျန်းမာရေးအခြေအနေ တည်ငြိမ်နေတယ်လို့ ကျန်းမာရေးဌာနက မနေ့ညနေက ထုတ်ပြန်ပါတယ်။
အထူးကြပ်မတ်ကုသပေးနေတဲ့သူတွေကတော့ ဝေဘာဂီအထူးကုဆေးရုံကြီးက ၂ ဦးနဲ့ တောင်ဥက္ကလာပအထူးကု ဆေးရုံက ၁ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) က ဧပြီ ၂၅ ရက်ညနေပိုင်း ပထမအသုတ်အဖြစ် ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၉၂ ခုနဲ့ ဆေးသုတေသနဦးစီးဌာန (DMR) က စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၄၀၊ ခု စုစုပေါင်း ၁၃၂ ခုတို့မှာ COVID-19 ရောဂါပိုး မတွေ့ရှိရဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဧပြီ ၂၅ ရက်နေ့ ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ဓာတ်ခွဲအတည်ပြုလူနာ ၁၄၄ ဦး ရှိပြီဖြစ်ပြီး မော်လမြိုင် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ လူနာအမှတ် ၂၇ ရဲ့ ဓာတ်ခွဲနမူနာတွေကို နှစ်ကြိမ် ဆက်တိုက် စစ်ဆေးချက်အရ COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာတွေထဲ ရောဂါပိုးကင်းစင်လာသူ ၁၀ ဦးရှိပြီး သေဆုံးသူ ၅ ဦး ရှိပါတယ်။
ဧပြီ ၂၄ ရက်နေ့ မွန်းတည့် ၁၂ နာရီကနေ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၁၁၀ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။