တာမွေမြို့နယ်ရှိ ရပ်ကွက်တချို့ lock down စတင်ပြုလုပ် (ဓာတ်ပုံ)
DVB
·
April 26, 2020
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ဖို့အတွက် တာမွေမြို့နယ်ရှိ ရက်ကွက်အချို့မှာ ဧပြီ ၂၅ ရက်နေ့ ည ၉ နာရီကစပြီး lockdown ချထားလိုက်တယ်လို့ သိရပါတယ်။
တာမွေမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ သံသယလူနာ ၄ ဦးလောက် တွေ့ရှိပြီးနောက် အခုလို ရပ်ကွက်အချို့ကို ပိတ်ဆို့တာတွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
လက်ရှိပိတ်လိုက်တဲ့ ရပ်ကွက်တွေကတော့ ဗျိုင်းကွက်သစ်ရပ်ကွက်၊ ဗျိုင်းရွာမရပ်ကွက်တို့ဖြစ်ပြီး ကျန်ရပ်ကွက်တွေမှာ မကြာမီရပ်ပိုင်းအတွင်း ပိတ်ဆို့နိုင်တယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ရန်ကုန်တိုင်းအတွင်းရှိ တာမွေ၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ တောင်ဥက္ကလာပ၊ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ အင်းစိန်၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ် စတဲ့မြို့နယ် ၁၀ ခုကို အသွားအလာကန့်သတ်မှု အိမ်မှာပဲ နေထိုင်ကြဖို့ (Stay at Home) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီမြို့နယ်တွေမှာ နေသူတွေအနေနဲ့ မဖြစ်မနေ ဈေးဝယ်ဖို့အတွက် တအိမ်က တယောက်ပဲသွားဖို့၊ ဆေးရုံ ဆေးခန်းသွားမယ်ဆိုရင် တအိမ်က ၂ ယောက်ပဲ သွားဖို့၊ အိမ်အပြင်ကိုသွားမယ်ဆိုရင် ပါးစပ်/ နှာခေါင်းစည်း (mask) တပ်ဖို့၊ တာဝန်ထမ်းဆောင်ဖို့ သွားရောက်တာ၊ ပြန်လာမယ့်သူတွေကို ပို့မယ့်ကားတွေနဲ့ ဖြတ်သန်းခွင့်ပေးထားတဲ့ ယာဉ်တွေကိုပဲ ရပ်ကွက်ကျော်လွန် သွားခွင့်ပေးဖို့၊ ရပ်ကွက်အတွင်း ဈေးဝယ်တာအတွက် ယာဉ်ပေါ်မှာ ယာဉ်မောင်းအပြင် နောက်တယောက်၊ ဆေးရုံဆေးခန်း သွားဖို့အတွက် ယာဉ်မောင်းအပြင် နောက် ၂ ယောက်ပဲ သွားရောက်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။
ဒါပေမဲ့ အစိုးရဌာန၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ သွားရောက်သူတွေကိုတော့ အိမ်အပြင်ထွက်ခွင့်ပေးထားပါတယ်။
Photo - JPaing / MPA