ပခုက္ကူတွင် လျှပ်စစ်ပန်ကာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား၍ နေအိမ် ၅ လုံး ဆုံးရှုံး
DVB
·
April 25, 2020
မကွေးတိုင်း၊ ပခုက္ကူမြို့ အမှတ် ၃ ရပ်ကွက်၊ မဟာစည်ရပ် သီရိမာလာလမ်းမှာ ဧပြီ ၂၅ ရက်နေ့ မနက် ၁၀ နာရီလောက်က လျှပ်စစ်ပန်ကာ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့တာကြောင့် နေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပခုက္ကူခရိုင် မီးသတ်ဦးစီးဌာနက ပြောပါတယ်။
“အိမ်အပေါ်ထပ် လူမနေတဲ့ အခန်းအတွင်းမှာ လျှပ်စစ်ပန်ကာ ဖွင့်ခဲ့ရာကတဆင့် ပန်ကာ မော်တာ အပူလွန်ကဲလောင်တာဖြစ်ပြီးတော့ ဂွမ်းစောင်ထုပ်ပေါ်ကျရင်းနဲ့ ကူးစက်လောင်ကျွမ်းတာ၊ အားလုံး နေအိမ် ၅ လုံးပါ” လို့ ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်က ပြောပါတယ်။
အမှတ် ၃ ရပ်ကွက် မဟာစည်ရပ်၊ သီရိမာလာလမ်းနေ ဒေါ်ခင်စိန် (၇၈-နှစ်)ရဲ့ သုံးပင်နှစ်ခန်းတွဲ သွပ်မိုး ထရံ အုတ်ကာ နှစ်ထပ်နေအိမ်အပါအဝင် စုစုပေါင်း နေအိမ် ၅ လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရုံးမှုခန့်မှန်းတန်ဖို့ ၃,၀၇၀,၀၀၀ ကျပ်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ပခုက္ကူခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ခဲ့ရာ မနက် ၁၀ နာရီခွဲလောက် မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မီးစတင်လောင်ကျွမ်းတဲ့ အိမ်ရှင်ဖြစ်သူအား ပခုက္ကူမြို့မရဲစခန်း (ပ) ၅၁၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - ကိုလင်း (ချောက်)၊ ဓာတ်ပုံ- ပခုက္ကူခရိုင်မီးသတ်တပ်ဖွဲ့