ဖြူးမြို့နယ်၌ သစ်ခွဲစက်နှင့် သစ် ၁၀ တန်ကျော် ဖမ်းမိ
DVB
·
April 25, 2020
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရွာမကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှာ သစ်ခွဲစက်နဲ့အတူ သစ် ၁၀ တန်ကျော်ကို ဧပြီ ၂၄ ရက်နေ့ ညနေပိုင်းက ပိုင်ရှင်မဲ့ ဖမ်းဆီးမိခဲ့တယ်လို့ မြို့နယ်သစ်တောဌာနက ပြောပါတယ်။
“သစ်ကတော့ အခုလက်ရှိ ကားနှစ်စီး ရောက်ပြီ။ အလုံးတွေတင်ဖို့ ကရိန်းနဲ့မှရမယ်။ သစ်ကတော့ ဆယ်တန်အထက်မှာ ရှိတယ်၊ ဘုန်းကြီးကျောင်းထဲမှာ မိတာပါ။ စက်လည်း ပါတယ်၊ အခုလက်ရှိတော့ ပိုင်ရှင်မဲ့ပါ” လို့ ဖမ်းဆီးရာမှာ ပါဝင်တဲ့ မြို့နယ်သစ်တောဌာန တောအုပ်ကြီး သက်နေအောင်က DVB ကို ပြောပါတယ်။
အဆိုပါသစ်ခွဲစက်ကို ဘုန်းတော်ကြီးကျောင်းဝိုင်းအတွင်းမှာ လည်နေတာဟာ ၁၀ ရက်လောက် ရှိနေပြီး ခွဲပြီးသစ်တွေကိုလည်း ကားလေးတွေနဲ့ တင်ဆောင်သွားကြောင်း၊ သစ်ဖမ်းစဉ်မှာ ကျေးရွာသားတွေကို ဝင်ရောက်ခွင့်မပြုဘူးလို့ ကျေးရွာနေပြည်သူတဦးက ပြောပါတယ်။
ဘုန်းကြီးကျောင်းဝင်းထဲ သစ်တွေ ဖမ်းမိတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ တောအုပ်ကြီး သက်နေအောင်က ပြောပါတယ်။
“အကုန်သိမ်းဆည်းပြီးမှ ကျောင်းထိုင်ဆရာတော်ကို လျှောက်ထားပြီး ပိုင်ရှင်ကို ဖော်ထုတ်သွားမှာပါ။ တောစပ် ဖြစ်နေတာရယ်၊ တချိန်က အညိုရောင်နယ်မြေ ဖြစ်ခဲ့တာရယ်ကြောင့် ပါးပါးနပ်နပ် ဆောင်ရွက်နေရတယ်။ ညကလည်း မီးစက်ကို လာပြန်ဖြုတ်ခိုးလို့ လိုက်ဖမ်းရသေးတယ်။ မီးစက်တော့ မပါသွားပါဘူး။ ကျောင်းဝင်းထဲမှာ မိတဲ့အတွက် ဘယ်သူ့သစ် ဘယ်သူ လာထားတယ် ဆိုတာကိုတော့ ဆရာတော်ကို မေးရဦးမယ်။”
ဖမ်းဆီးရမိတဲ့ သစ်တွေကတော့ ကျွန်း၊ ပျဉ်းကတိုးနဲ့ သစ်စေး စတဲ့ သစ်လုံးနဲ့ခွဲသားတွေ ဖြစ်တယ်လို့ သိရပါတယ်။
ကျော်အောင်(ကညွှတ်ကွင်း)