စစ်ကိုင်းတိုင်းအတွင်း တားမြစ်မိန့် ထပ်မံထုတ်ပြန်
Aung Ko Latt
·
April 25, 2020
စစ်ကိုင်းတိုင်းအတွင်း ခရီးသွားလာတာ၊ ဈေးရောင်းချတာ၊ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး တားမြစ်မိန့် ထပ်မံထုတ်ပြန်လိုက်ပါတယ်။
ပြည်သူတွေအတွက် အခြေခံ မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါး၊ စားသောက်ကုန် ထုတ်လုပ်ရောင်းချနေတာတွေ၊ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေ၊ စက်သုံးဆီဆိုင်တွေ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတွေ၊ ဘဏ်တွေ မပိတ်ကြဘဲနဲ့ ဆက်လက်ဖွင့်လှစ်ပေးကြဖို့ အစိုးရ အမိန့်စာတရပ်ကို ဧပြီလ ၂၄ ရက်နေ့က အမိန့်ကြော်ငြာစာအမှတ် ၆/၂၀၂၀ နဲ့ ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။
မဖွင့်ဘဲ ပိတ်ထားမယ်ဆိုပါက ဥပဒေအရ အရေးယူမယ်လို့လည်း အမိန့်စာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ တည်းခိုခန်း၊ အင်း၊ ဟိုတယ်၊ မိုတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ အဝတ်အထည်ဆိုင်တွေအနေနဲ့ ဧပြီ ၂၄ ရက်နေ့ ည ၁၂ နာရီကနေ မေလ ၁၇ ရက်နေ့ ည ၁၂ နာရီ ပိတ်ထားကြဖို့လည်း ပါရှိပါတယ်။
ခရီးသွားလာရေးတွေနဲ့ပတ်သက်လို့ တိုင်းအတွင်း ဝင်လမ်း၊ ထွက်လမ်း နဲ့ သွားလာခွင့်ရှိတဲ့ ကားအမျိုးအစား၊ လူဦးရေတွေကိုလည်း ကန့်သတ်ထုတ်ပြန်ထားပါတယ်။
ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေးအတွက် ကုန်ကားတွေ၊ သာမန်အိမ်စီးကားတွေကလွဲလို့ ကျန်တဲ့ ခရီးသည်တင်ကား၊ ဘုရားဖူးကား၊ အပန်းဖြေကား၊ အလည်အပတ်ကားတွေကိုလည်း အမိန့်ကြေညာတဲ့ရက်ကနေ မေ ၁၇ ရက်နေ့ထိ ရပ်နားပိတ်သိမ်းထားကြရမှာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းကို ဖြတ်သန်းသွားမယ့် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့က ယာဉ်တွေအနေနဲ့လည်း အတတ်နိုင်ဆုံးမြို့တွေ မဖြတ်ဘဲ မြို့ရှောင်လမ်းကတဆင့် သွားလာကြဖို့ လမ်းကြောင်းတွေကို အမိန့်စာမှာ သတ်မှတ်ပေးထားပါတယ်။ တားမြစ်မိန့်ကို မလိုက်နာတာတွေ့ရှိရင် ဥပဒေအရ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။
ကိုဗစ် - ၁၉ ရောဂါက စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း ကူးစက်ခံလူနာတွေ တွေ့ရှိနေပြီး တနိုင်ငံလုံးအနေနဲ့လည်း ကူးစက်နှုန်းက ရပ်တန့်ခြင်းမရှိသေးပါဘူး။ ကူးစက်ရောဂါကို ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းက မိမိအိမ်မှာနေတာအပြင် ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို လိုက်နာနေထိုင်တာပဲ ဖြစ်ပါတယ်။
ဒီအတွက် ကူးစက်ရောဂါ ထိန်းချုပ်နိုင်ရေး တိုင်းအတွင်းက တချို့မြို့နယ်တွေမှာ အမိန့်ညွှန်ကြားချက် မလိုက်နာတာတွေကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူဖို့ ညွှန်ကြားတာတွေလည်း ရှိနေပါတယ်။