Home
မြန်မာသတင်း
COVID-19 ကာကွယ်ထိန်းချုပ်ရေး EAO များနှင့် ပူးပေါင်းဆောင်ရွက်နေဟု ဦးဇော်ဌေးပြော
DVB
·
April 25, 2020
COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေတယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ အစိုးရအနေနဲ့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးမှာ လူမျိုး၊ ဘာသာခွဲခြားခြင်း၊ နေထိုင်ရာဒေသ ခွဲခြားမရှိဘဲ နိုင်ငံအတွင်း နေထိုင်သူ ဘယ်သူ့ကိုမှ ချန်လှပ်မထားရေး မူဝါဒကို ချမှတ်ထားတယ်လို့ ဆိုပါတယ်။ EAO အခြေပြုရာဒေသတွေမှာ နေထိုင်သူတွေဟာလည်း မြန်မာနိင်ငံသားတွေပဲ ဖြစ်ပါတယ်။ ဟန်ချက်ညီ ဆောင်ရွက်နိုင်ဖို့အတွက် NRPC ကနေ EAO အားလုံး (NCA ထိုးပြီး ၁၀ ဖွဲ့၊ မထိုးရသေးတဲ့ ၈ ဖွဲ့) စုစုပေါင်း ၁၈ ဖွဲ့ဆီကို မတ်လ ၁၉ ရက်နေ့စွဲနဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေ ပေးပို့ထားပြီး ဖြစ်ပါတယ်။ EAO တွေအနေနဲ့ ပြည်သူလူထုအတွင်း ဆောင်ရွက်ရမယ့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေနဲ့ နယ်စပ်ဖြတ်ကျော်ဂိတ်တွေမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းလမ်းညွှန်တွေ ဖြစ်ပါတယ် လို့ ဦးဇော်ဌေးက ပြောပါတယ်။ NRPC အနေနဲ့ NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အလွတ်သဘော တွေ့ဆုံရာမှာလည်း COVID-19 ကာကွယ်ရေး ကိစ္စတွေကို ထည့်သွင်းဆွေးနွေးမှုတွေရှိသလို ပိုမိုပြီး ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။  အစိုးရ NRPC အနေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကိုလည်း COVID-19 ကြောင့် ရပ်တန့်မနေဘဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ မေလဆန်းမှာ ထပ်မံဆွေးနွေးဖို့ရှိပါတယ်။ နည်းလမ်း ၂ ရပ် အဆိုပြုထားတယ်။ နည်းလမ်း (၁) ကတော့ ပြည်တွင်းမှာရှိတဲ့ NCA-S- EAO ကိုယ်စားလှယ်တွေနဲ့ အစိုးရကိုယ်စားလှယ်တွေ Physical Distancing နဲ့ အလွတ်တွေ့ဆုံဆွေးနွေးဖို့၊ သူတို့ချင်း အွန်လိုင်းနဲ့ဆွေးနွေး၊ ပြီးရင် ပြန်တွေ့တဲ့နည်း။ နည်းလမ်း (၂) ကတော့ အွန်လိုင်းချိတ်ဆက်ပြီး Video Conferencing နဲ့ဆွေးနွေးဖို့ ဖြစ်ပါတယ် လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ရပ်တန့်မနေဘဲ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေပေမယ့် လူစုလူဝေး တွေ့ဆုံမှုတွေကို မေလ ၁၅ ရက်နေ့အထိ ရပ်နားထားတာကြောင့် ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ်ကိုတော့ မူလသတ်မှတ်ထားတဲ့အတိုင်း ဧပြီလကုန်မှာ ကျင်းပနိုင်ဖွယ်မရှိဘူးလို့လည်း သိရပါတယ်။ ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024