Home
မြန်မာသတင်း
မင်းပြားမြို့နယ်တွင် တပ်မတော်က တိုက်လေယာဉ် ၂ စီးဖြင့်တိုက်ခိုက် 
ဝဏ္ဏခွာညို
·
April 24, 2020
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲမှာ  တပ်မတော်က တိုက်လေယာဉ် ၂ စီးနဲ့ ဒီကနေ့ မွန်းလွဲပိုင်းက လာရောက်ဗုံးကြဲတိုက်ခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ ဒီကနေ့ မနက်ပိုင်းက  မင်းပြားမြို့နယ် ရာမောင်တံတားအနီး တောင်တန်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် လေကြောင်းကနေ တိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သင်္ဂဟကမ်းရက္ခိတအဖွဲ့က ဥက္ကဋ္ဌ ကိုအမ်းသားကြီးက “တိုက်လေယာဉ်နှစ်စီးက အရင်က ပစ်တာတွေနဲ့မတူဘူး။ ပုံစံတမျိုးပဲဗျ၊ ပျံတာလည်း အရမ်းမြန်တယ်။ နှစ်စီးနဲ့ လာပစ်တာဗျ၊ ရာမောင်တံတားအလွန် အဲ့ဒီမှာ တောင်တန်းရှိတယ်။ အဲ့ဒီတောင်တန်းကိုပဲ နှစ်စီးလုံးက ဦးတည်ပြီးတော့ ပစ်နေတာ။ ၃ နာရီ ၅၅ မိနစ်ကနေ ပစ်နေတာ၊ ၄ နာရီ ၁၆ မိနစ်ကျော်အထိ ပစ်တယ်။ အရင်က ပစ်တဲ့လေယာဉ်တွေဆိုရင် ပစ်ပြီးတော့ပျံသွားကြတယ်။ အခုကအဲ့လိုမ ဟုတ်ဘူး။ ပစ်တယ်ဆိုရင် ဆက်တိုက်ပစ်ပြီးတော့ ပျံတာ”လို့ပြောပါတယ်။ ရာမောင်းတံတားနဲ့အနီး သေကမ်းကယ်ဆယ်ရေးစခန်းက စစ်ဘေးရှောင်ဒုက္ခသည်တဦးက တော့ “ရာမောင်မြစ်၊ မင်းပြားနဲ့ ငစိုင်းရိုင်းချောင်းကျွန်းမှာရှိနေတဲ့ ရေတပ်တွေကလည်းအမြောက်နဲ့ အဲ့ဒီတောင်တန်းဘက်ကို ပစ်နေတယ်။ တိုက်လေယာဉ်ကလည်းပစ်နေတယ်။ ဒီမှာကတော့ အမ်းသားရွာက၊ ပြီးတော့ သေကမ်းစစ်ဘေးရှောင်စခန်းတွေမှာ ရောက်နေတဲ့ ဒုက္ခသည်တွေက တော်တော်လေးကို စိုးရိ်မမှုမြင့်တက်နေတယ်။ အရမ်းကို နီးကပ်နေတာကို”လို့  ပြောပါတယ်။ အခုလိုပစ်ခတ်မှုဖြစ်ပွားပြီးနောက် အနီးအနားကကျေးရွာဒေသခံတွေထိခိုက် ပျက်စီးမှု အခြေအနေကို မသိရသေးပေမယ့် ရွာတချို့လူတွေ ထွက်ပြေးတိမ်းရှောင်သွားတာတွေ ရှိနေတယ်လို့ သင်္ဂဟကမ်းရက္ခိတအဖွဲ့ကဥက္ကဋ္ဌ ကိုအမ်းသားကြီးကပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024