ဒီးမော့ဆိုမြို့နယ်တွင် ပုဒ်မ ၁၄၄ အမိန့် ချိုးဖောက်သူ ၄ ဦးကို ထောင်ဒဏ် ၁ လ ချမှတ်
နော်နိုရင်း
·
April 24, 2020
ကယားပြည်နယ်အတွင်း ဧပြီ ၂၃ ရက် ညက ညမထွက်ရအမိန့် ချိုးဖောက်သူ ၅ ဦးထဲက ၄ ဦးကို ထောင်ဒဏ် ၁ လစီချမှတ်လိုက်ပြီး ကျန်တဦးကိုတော့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၈၉(က)အရ ဆိုဆုံးမပြီး ပြန်လွှတ်လိုက်တယ်လို့ ကယားပြည်နယ်အစိုးရ ထုတ်ပြန်ပါတယ်။
ဧပြီ ၂၃ ရက်ည ၁၁ နာရီကျော်မှာ ဒီးမော့ဆိုမြို့၊ ဒေါငံရောက်ကျေးရွာ နေထိုင်သူ ၃ ဦးနဲ့ ဒီးမော့ဆိုမြို့၊ ဒေါဘူးငံရယ်ကျေးရွာနေထိုင်သူ ၂ ဦးတို့ဟာ ညမထွက်ဖို့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ထုတ်ပြန်ထားရှိတဲ့အမိန့်ကို လိုက်နာခြင်းမရှိဘဲ ဖီဆန်ပြီး အကြောင်းမဲ့ သွားလာနေလို့ အရေးယူလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သူတို့အထဲက ၄ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၁၈၈ နဲ့ အမှုလက်ခံစစ်ဆေးခဲ့ပြီး အလုပ်မဲ့ ထောင်ဒဏ် ၁ လစီချမှတ်ခဲ့ကြောင်းနဲ့ တဦးကိုတော့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ-၈၉(က)အရ ဆိုဆုံးမပြီး လွှတ်မိန့် ချမှတ်ခဲ့ပါတယ်။
လွိုင်ကော်မြို့မှာလည်း ဧပြီ ၂၂ ညက ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အမိန့် ချိုးဖောက်သူတဦးကို ဖမ်းဆီးပြီး အလုပ်မဲ့ ထောင်ဒဏ် ၁ လ ပြစ်ဒဏ် အမိန့် ချမှတ်လိုက်ခဲ့ပါတယ်။
ကယားပြည်နယ်အတွင်းက မြို့နယ် ၇ မြို့နယ်လုံးမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဧပြီလ ၂၁ ရက်နေ့ကစပြီး ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အမိန့်ထုတ်ထားတာဖြစ်ပြီး အဲဒီအမိန့်ချိုးဖောက်လို့ အရေးယူခံရသူ ၆ ဦးရှိလာပြီဖြစ်ပါတယ်။