Home
မြန်မာသတင်း
COVID-19 လူနာ ၆ ဦးရှိနေသည့် ကလေးမြို့ကို သီးသန့်တားမြစ်အမိန့် ထုတ်ပြန်
Aung Ko Latt
·
April 24, 2020
COVID-19 အတည်ပြုလူနာ ၆ ဦးရှိနေပြီဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေအရ အမိန့်စာတစ်ရပ်ကို ဧပြီ ၂၃ ရက် နေ့စွဲနဲ့ သီးသန့် ထုတ်ပြန်လိုက်ပါတယ်။ အမိန့်စာအရ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်တွင်းနေထိုင်သူတွေအနေနဲ့ မိမိအိမ်မှာသာ နေထိုင်ကြဖို့ကို အဓိက ထုတ်ပြန်လိုက်တာပါ။  အစိုးရဌာန အဖွဲ့အစည်းတွေ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်နေသူတွေကလွဲလို့ အိမ်မှာနေကြဖို့၊ လိုအပ်လို့ အပြင်ထွက်ရင် တစ်အိမ်တစ်ယောက်သာ ထွက်ဖို့၊ ဆေးရုံဆေးခန်းသွားရင် နှစ်ဦးသာသွားဖို့၊ အပြင်ထွက်ရင် Mask တပ်ဖို့၊ ဖယ်ရီယာဉ်နဲ့ ဖြတ်သန်းခွင့်ပြုယာဉ်တွေကို ရပ်ကွက်ကျော် သွားခွင့်မပြုဖို့နဲ့ ရပ်ကွက်တွင်းဈေးဝယ်တာ၊ ဆေးခန်းသွားတာအတွက် ယာဉ်မောင်းအပါ နှစ်ဦးသာသွားဖို့ တွေ အမိန့်စာမှာ ပါရှိပါတယ်။ တကယ်လို့ လူနှစ်ဦးထက်ပိုရမယ့် အခြေအနေရှိပါက သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေရဲ့ ခွင့်ပြုချက်နဲ့ သွားရောက်ရမယ်လို့လည်းဆိုပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အနေနဲ့လည်း တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ဖို့ သွးလာသူတွေကလွဲလို့ ရပ်ကွက်ကျေးရွာ ဝင်ခွင့်မပြုဖို့လည်း တားမြစ်မိန့်မှာ ပါရှိပါတယ်။  လိုက်နာဖို့ ပျက်ကွက်သူတွေကိုလည်း ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။ အမိန့်စာကိုတော့ အမိန့်ထုတ်ပြန်တဲ့ရက် ဧပြီလ ၂၃ ရက် ည ၁၀ နာရီကနေ စတင်ကာ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အသက်ဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကလေးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကလည်း ဧပြီ ၂၃ ရက်နေ့ရက်စွဲနဲ့ အလားတူ အမိန့်ကို ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒီအမိန့်စာမှာတော့ ကလေးမြို့နယ်တင်မက ခရိုင်တွင်းက မင်းကင်း၊ ကလေးဝ စတဲ့မြို့နယ်တွေကိုလည်း အကျုံးဝင်တယ်လို့ ဆိုပါတယ်။ ခရိုင်ကျန်းမာရဲ့ အမိန့်ကတော့ မနေ့ ညနေ ၆ နာရီကနေ စတင် အသက်ဝင်တယ်လို့ ဆိုပါတယ်။ အဆိုပါအမိန့်စာ ၂ ခုမှာ အကြောင်းအရာ အတူတူဖြစ်နေပေမယ့် အမိန့်စာ အသက်ဝင်တဲ့ အချိန်နဲ့  အမိန့်စာ အကျိုးသက်ရောက်မယ့် နေရာတွေမှာတော့ ကွဲလွဲချက်ရှိနေပါတယ်။ စစ်ကိုင်းတိုင်း COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက "အမိန့်စာ ၂ ခုဖြစ်နေရင်တော့ ပြည်ထောင်စုကအမိန့်ကအတည်ပေါ့။ ဘာကြောင့်ကွဲလွဲနေလဲ ဆိုတာတော့ ပြန်မေးကြည့်ပါဦးမယ်။"လို့  ပြောပါတယ်။ စစ်ကိုင်းတိုင်းမှာ စောင့်ကြည့်လူနာ ၄၉ ဦး၊ quarantine စင်တာ ၁၄၆၈ ခုမှာ လူဦးရေ ၇၄၀၉ ဦး အသွားအလာကန့်သတ် စောင့်ကြပ်ထားရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဧပြီ ၂၃ ရက်အထိ နောက်ဆုံးထုတ်ပြန်ထားတဲ့ သတင်းတွေအရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024