မကွေးတိုင်းတွင် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှ ရန်ပုံငွေ ကျပ် ၂၁ ဘီလီယံကျော်ရရှိ
DVB
·
April 24, 2020
မကွေးတိုင်းအတွင်းမှာ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းကနေ တိုင်းဒေသကြီး ရန်ပုံငွေ ကျပ် ၂၁ ဘီလီယံကျော် ကောက်ခံရရှိထားတယ်လို့ မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပါတ်ဝန်းကျင်နှင့် လျှပ်စစ်၊ စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောပါတယ်။
မကွေးတိုင်းမှာ သက်တမ်းတိုးရေနံလုပ်ကွက် ၁၁ ကွက် ရှိနေပြီး တိုင်းအစိုးရအဖွဲ့အနေနဲ့ ရေနံလုပ်သားတွေရဲ့ စားဝတ်နေရေးပြေလည် စေဖို့အတွက် ရေနံသယ်ယူခွင့်မျောတွေကို တိုင်းဒေသကြီး အစိုးရချင်း ချိတ်ဆက်ပြီး ထုတ်ပေးသွားမယ်လို့လည်း သိရပါတယ်။
“ရေနံသယ်ယူခွင့် မျောစာ(၅၆) စောင် အခွန်သွင်း လက်မှတ်ထိုးပြီး စစ်ကိုင်းတိုင်းက ရေနံချက်ဖိုတွေ မေလကုန်ထိ ရပ်နားထားကြောင်း ဆက်သွယ်လာတဲ့အတွက် သယ်ယူခွင့်မျှော တွေကို ပြန်လည် သက်တမ်းတိုး ပေးနေတယ်” လို့ ဦးမြင့်ဇော်က ပြောပါတယ်။
COVID-19 ရောဂါဖြစ်ပွားနေတဲ့အခြေအနေမှာ ကမ္ဘာ့ရေနံဈေးကလည်း ထိုးကျနေပေမယ့် ရေနံချက်ဖိုလုပ်ကိုင်သူတွေနဲ့ အလုပ်သမား တွေအတွက် အခွန်အခတွေ လျှော့ချပေးဖို့ လတ်တလော အစီအစဉ်မရှိသေးဘူးလို့ လည်း ဝန်ကြီးက ပြောပါတယ်။
“ရေနံစျေးနှုန်း ကျဆင်းတာဟာ အခိုက်အတန့်လေးသာရှိတဲ့အတွက် အခွန်အခ လျှော့ချပေးဖို့ စောလွန်းနေပါတယ်။အကျိုးအမြတ်ဆိုတာကတော့ မြတ်နေတဲ့ အချိန်မှာ ဘာသံမှမထွက်ဘဲ ရှုံးတဲ့ အချိန်မှာ အသံထွက်လာတဲ့ သဘောရှိပါတယ်။ လုပ်ငန်းလည်ပတ်အောင် အရှုံးခံရပ်တည်ပေးနေတဲ့ လုပ်ငန်းရှင်တွေကို ကိုယ်ချင်းစာတဲ့အနေနဲ့ အခြေအနေ တစ်ခုတည်ငြိမ်တဲ့အချိန်ကျရင် အစိုးရအဖွဲ့ ရဲ့ဆုံးဖြတ်ချက်နဲ့ အခွန်အခတွေကို ဖြေလျှော့ပေးမှာဖြစ်တယ်"လို့ ဝန်ကြီး ဦးမြင့်ဇော်က ဒီဗွီဘီကိုပြောပါတယ်။
ရေနံမှော်တွေကနေ ထွက်ရှိလာတဲ့ ရေနံစိမ်းတွေကို စစ်ကိုင်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ရေနံချက်ဖိုတွေကို ပို့ဆောင်ရောင်းချ ကြတာ ဖြစ်ပါတယ်။
ကိုရိုနာကပ်ရောဂါအခြေအနေကြောင့် ရေနံချက်ဖိုတွေ ရပ်နားထားတဲ့အတွက် ပို့စရာ နေရာ အခက်အခဲ၊ သိုလှောင်စရာနေရာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင် ဦးစောနိုင်ဦး က ပြောပါတယ်။
"ရေနံစျေးနှုန်းကလည်း တပီပါကို ၃၀၀၀၀ ကျပ်ထိကျဆင်းလာနေပြီး အခွန်အခနဲ့ လုပ်သားခတွေက ၂၀၀၀၀ ကျပ် ဝန်းကျင်အထိ ကုန်ကျတဲ့အတွက် ရေရှည်ရပ်တည်နိုင်ဖို့ ခက်ခဲပါတယ်။ မီးဘေးအန္တရာယ် စိုးရိမ်ရတဲ့အတွက် ရေနံသိုလ်လှောင်တဲ့ ၁၅၀ ပီပါဆံ သံကန်တစ်ကန်ကို သိန်း ၃၀ ကျပ်လောက်ကုန်ကျခံ ဝယ်ယူပြီး သိုလ်လှောင်နေရတာပါ။ အဓိကတော့ ရေနံလုပ်ငန်းကို မှီခိုနေကြတဲ့ လုပ်သားတွေရဲ့ စားဝတ်နေရေး အခက်ခဲကြုံတွေ့ နေရတာပါ။”
ရေရှည်လုပ်ငန်းလည်ပတ်နိုင်အောင် တိုင်းဒေသကြီး အစိုးရအဖွဲ့က အခွန်အခတွေကို ယာယီဖြေလျှော့ပေးမှသာ ဆက်လက်လုပ်ကိုင်နိုင်ကြမှာ ဖြစ်တယ်လို့လည်း ရေနံလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ဒါ့အပြင် COVID-19 ကာကွယ်ရေးအတွက် ကျန်းမာရေးစောင့် ရှောက်မှုအနေနဲ့ အစိုးရအဖွဲ့က ဘာမှာစဉ်ပေးတာမရှိကြောင်းနဲ့ ရေနံမှော်တွေဟာ ဧရိယာကျယ်ဝန်းတဲ့ အတွက် လူစုလူဝေးမဖြစ်ဘဲ တစ်ဦးနဲ့ တစ်ဦး ၁၅ ပေခန့် အကွာဝေး နေနိုင်တယ်လို့လည်း ပြောကြပါတယ်။
မကွေးတိုင်းမှာ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းကို မင်းလှ၊ သရက်၊ မြိုင်၊ ပေါက် စတဲ့မြို့နယ်တွေမှာ အဓိကလုပ်ကိုင်ကြပြီးအနယ်နယ်အရပ်က လူဦးရေ သိန်းနဲ့ချီ မှီခို လုပ်ကိုင်နေကြတာပါ။
သတင်း-မင်းထီး