ဘင်္ဂလားဒေ့ရှ်ဘက်မှ မောင်တောနယ်စပ်သို့ လူ ၁၂ ဦး တရားမဝင် ဝင်ရောက်လာ
DVB
·
April 24, 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ မောင်တောနယ်စပ်ကို ဧပြီ ၂၂ ရက်နေ့ လူ ၁၂ ဦး တရားမဝင် ဝင်ရောက်လာတယ်လို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦးစိုးအောင်က ပြောပါတယ်။
မောင်တောမြို့နယ်မင်္ဂလာကြီး နယ်မြေဘက်နေ တရားမဝင် ဝင်လာကြတာဖြစ်ပြီး သူတို့ကို လှဖိုးခေါင်မှာ Facility Quarantine အနေနဲ့ ၂၁ ရက်ထားရှိကာ အထောက်အထားမရှိသူတွေကို ပြန်ပို့မယ်လို့သိရပါတယ်။
အုပ်ချုပ်ရေးမှူးဦးစိုးအောင်က "UEHRD အနေနဲ့တော့ လက်ခံမှာမဟုတ်သေးဘူး။ သူတို့ထဲမှာဒီဘက်က ဆေးသွားကုတဲ့သူတွေလည်း ပါနေတယ်။ စိစစ်ပြီး အထောက်အထားမရှိသူတွေ ဟိုဘက်နိုင်ငံ ပြန်ပို့ရမှာပေါ့"လို့ ပြောပါတယ်။
မင်္ဂလာကြီးကျေးရွာချောင်းပေါက်ကနေ တရားမဝင်ဝင်ရောက်လာသူတွေကတော့ ရွှေစားကျေးရွာက ၁ ဦး၊ ပန်းတောပြင်ကျေးရွာက ၈ ဦး၊ ကြက်ရိုးပြင်က ၂ ဦး၊ ဦးရှည့်ကျ ကျေးရွာက ၁ ဦး စုစုပေါင်း ၁၂ ဦးဖြစ်တယ်လို့ လှဖိုးခေါင်ယာယီစခန်းမှ သိရပါတယ်။
လှဖိုးခေါင်ယာယီလက်ခံရေးစခန်းမှာ Facility Quarantine ၂၁ ရက်စေပြီး ပြန်သွားကြတဲ့ ၈၂ ဦးမှာ ဖျားနာတာ ချောင်းဆိုးတာ တစုံတရာမရှိသလို အခု ဝင်ရောက်လာတဲ့ ၁၂ ဦးထဲမှာလည်း ဖျားနာတာ ချောင်းဆိုးတာ တစုံတရာမရှိကြောင်း မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ပြောတယ်။
"အရင် Facility Quarantine ၂၁ ရက်နေစေပြီး ပြန်သွားကြသူ ၈၂ ဦးမှာလည်း COVID-19 ရောဂါလက္ခဏာဘာမှ မတွေ့ရဘူး။ အခုအသစ်ရောက်လာကြတဲ့ ၁၂ ဦးမှာလည်း COVID-19 ရောဂါလက္ခဏာဘာမှမတွေ့ရဘူး"
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ ဧပြီ ၁၃ ရက်က စပြီး မောင်တောနယ်စပ်ဂိတ်ပေါက်တွေအားလုံး ပိတ်ထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောထား ခဲ့ပေမယ့် တရားမဝင်ရောက်မှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။
သတင်း - လင်းလက်