မွန်ပြည်နယ်က COVID-19 လူနာ အမှတ် ၂၇ တွင် ရောဂါ မတွေ့ရတော့
DVB
·
April 23, 2020
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာက ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုလူနာနံပါတ် ၂၇ မှာ ရောဂါမတွေ့ရတော့ဘဲ Negative ပြန်ဖြစ်သွားပြီလို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ ထွန်းအောင်ကြည်က ပြောပါတယ်။
အဆိုပါလူနာနံပါတ် ၂၇ ရဲ့ စစ်ဆေးချက်ကို ဧပြီ ၂၁ ရက်နေ့မှာ ရန်ကုန်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) ကို ပို့ဆောင် စစ်ဆေးရာမှာ ရောဂါ Negative အဖြေထွက် လာတာပါ။
အဲဒီလို ရောဂါ Negative ပြန်ဖြစ်သွားမယ့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးရဦးမယ်လို့ ဒေါက်တာ ထွန်းအောင်ကြည်က ပြောပါတယ်။
ဒုတိယအကြိမ် ထပ်မံ စစ်ဆေးတဲ့အခါ ရောဂါပိုးမတွေ့ခဲ့ရင်လည်း ဆေးရုံမှာ ၁၀ ရက်ထားပြီး ဆက်လက်စောင့်ကြည့်သွားဖို့ စီစဉ်ထားပါတယ်။
ဒါအပြင် လူနာနံပါတ် ၂၇ နဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင် ၁၅ ဦးကိုလည်း ဒုတိယအကြိမ် စစ်ဆေးဖို့ရှိနေပြီး လက်ရှိမှာ သူ့ရဲ့ ကျန်းမာရေး ကောင်းမွန်နေပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ ဒီနေ့မနက်အထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၁၂၇ ဦးရှိသွားပြီဖြစ်ပြီး ပြန်ကောင်းလာသူ ၉ ဦးရှိသွားပြီလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။