Live
Home
မြန်မာသတင်း
ပလက်ဝမြို့အနီး လက်နက်ကြီးကျည်စ ထိမှန်ပြီး ကလေးငယ် ၁ ဦး ထပ်မံသေဆုံး
DVB
·
April 23, 2020
ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးမှာ တပ်မတော်နဲ့ အေအေတို့အကြား  တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ဒီကနေ့ လက်နက်ကြီးကျည်စ ထိမှန်လို့ ကလေးငယ် ၁ ဦး ထပ်မံသေဆုံးသွားပါတယ်။ ပလက်ဝမြို့အရှေ့ဘက်နဲ့ အနောက်ဘက်မှာ ပြီးခဲ့တဲ့ ရက်တွေကတည်းက ပစ်ခတ်မှုတွေရှိနေရာမှာ  မတ်လ ၂၃ ရက်နေ့မှာလည်း ပစ်ခတ်မှုတွေရှိနေပြီး  မြို့အဝင်နားကို လက်နက်ကြီးကျရောက်ခဲ့တာဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ဒီဗွီဘီကိုပြောပါတယ်။ အဲဒီလို လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကမ်းနားမှာရှိနေတဲ့ သုံးတန်းကျောင်းသားလေး ၁ ဦး  လက်နက်ကြီးအစ ထိမှန်သေဆုံးခဲ့တာလို့ ဝန်ကြီးက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်ဘက်က ပစ်တယ်ဆိုတာကိုတော့ သီးခြားအတည်ပြုလို့မရသေးသလို ဘယ်လက်နက်ကိုင်အဖွဲ့ကမှလည်း  သူတို့ လက်ချက်လို့ ဝန်ခံပြောကြားလေ့မရှိပါဘူး။  ပလက်ဝမြို့အနီးမှာ မတ်လ ၂၂ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့ထဲမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ် အိမ်ရာဝင်းထဲ လက်နက်ကြီးကျရောက်ခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် လူ ၃ ဦးသေဆုံးခဲ့သလို၊ ဟင်းရွက်ခူးသွားတဲ့ အမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန် သေဆုံးခဲ့ပါသေးတယ်။ မတ်လ လယ်ပိုင်းကစလို့ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အရပ်သားစုစုပေါင်း ၃၄ ယောက်သေဆုံးခဲ့တယ်လို့ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024