ဘားအံမြို့တွင် COVID-19 သတိပေးချက် မလိုက်နာသူ ၁၈ ဦးကို ငွေဒဏ်ရိုက်
DVB
·
April 23, 2020
COVID-19 ရောဂါမပျံ့နှံ့စေဖို့နဲ့ ကြိုတင်ကာကွယ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်သတိပေးချက်ကို လိုက်နာမှုမရှိတဲ့ စျေးရောင်း စျေးဝယ်သူ ၁၈ ဦးကို ငွေဒဏ်ရိုက် အရေးယူခဲ့တယ်လို့ ဘားအံမြို့နယ် စည်ပင်သာယာအဖွဲ့၊ စျေးတာဝန်ခံ ဒေါ်တင်နွယ်လှက ပြောပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့ရှိ အမှတ် ၁ အဆင့်မြင့်စျေးကြီးဟာ စားသောက်ကုန် အဓိကရောင်းချတဲ့ စျေးဖြစ်ပြီး စျေးရောင်းသူတွေကို ကျန်းမာရေးလက်အိတ်နဲ့ နှာခေါင်းစည်းတွေ တပ်ဆင် ရောင်းချဖို့နဲ့ စျေးဝယ်သူတွေကိုလည်း နှာခေါင်းစည်း တပ်ဆင်ပြီးမှ လာရောက်ဖို့ အသိပေးတိုက်တွန်းထားပေမယ့် လိုက်နာမှုမရှိတဲ့အတွက် ငွေဒဏ် ကျပ် ၁၀၀၀၀ စီပေးဆောင်စေပြီး အရေးယူခဲ့တာပါ။
ဘားအံမြို့နယ် စည်ပင်သာယာအဖွဲ့၊ စျေးတာဝန်ခံ ဒေါ်တင်နွယ်လှက "လိုက်နာမှုမရှိတဲ့ သူတွေကို ဒီမှာခေါ်ပြီတော့ ပညာပေးတယ်။ ဒဏ်လည်းရိုက်တယ်။ နောက်ဆို မက်စ်မတပ်ဘဲနဲ့ စျေးမရောင်းဖို့ လိုက်ပြီပြောထားတယ်"လို့ ဆိုပါတယ်။
ဘားအံမြို့၊ ရုံးကုန်းရပ်ကွက်နေ ကိုကိုလတ်က" ကိုရိုနာဗိုင်းရပ်စ်က ပျံ့နှံနေတာဖြစ်တဲ့အတွက် မိမိကနေ မိမိမိသားစု မိမိပတ်ဝန်းကျင် မပျံ့နှံ့ဖို့တစ်ယောက်ချင်းစီက လိုက်နာသင့်တယ်"လို့ ပြောပါတယ်။
စျေးအတွင်း ပညာပေးတိုက်တွန်းတာတွေ၊ စျေးအဝင်မှာ လက်ဆေးစင်၊ လက်ဆေးဆပ်ပြာ၊ လက်သန့်စင်ဆေးရည်တွေလည်း ထားရှိပေးထားပါတယ်။
အဆင့်မြင့်စျေးကြီးမှာ စားသောက်ကုန်ဆိုင်ခန်းပေါင်း ၁၆၀၀ ကျော်ရှိပြီး နေ့စဉ် ဈေးဝယ်သူ ၁၀၀၀ နီးပါးလာရောက် ရောင်းဝယ်ဖောက်ကားလေ့ရှိပါတယ်။
ကရင်ပြည်နယ်အတွင်း ၇ မြို့နယ်က စည်ပင်သာယာစျေးအားလုံးကို ကိုရိုနာဗိုင်းစ်ရပ် ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို တိတိကျကျလိုက်နာဖို့ သတိပေးထားပါတယ်။
သတင်း- ရဲမင်းခေါင်