Home
မြန်မာသတင်း
ရပ်/ကျေးများတွင် ခွင့်ပြုချက်မရှိဘဲ တားဆီးပိတ်ဆို့မှု မလုပ်ရန် စစ်ကိုင်းတိုင်းအစိုးရထုတ်ပြန်
Aung Ko Latt
·
April 23, 2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာတွေမှာ ခွင့်ပြုချက်မရှိဘဲ  တားဆီးပိတ်ဆို့တာတွေ မလုပ်ကြဖို့  တိုင်းအစိုးရအဖွဲ့က မနေ့က  ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။  စစ်ကိုင်းတိုင်းအတွင်းမှာ COVDI-19 ကပ်ရောဂါ ကာကွယ်တားဆီးရေးအတွက် စိုးရိမ်စိတ်တွေနဲ့ ကျေးရွာအလိုက် အဝင်အထွက်တွေမှာ သူစိမ်းလူတွေမဝင်လာစေရေး မောင်းတံဂိတ်တွေ၊ တံခါးတွေပြုလုပ်ကာ တားဆီးတာတွေ ရှိနေကြပါတယ်။  တစ်ရွာမှာ တမျိုးဖြစ်နေတဲ့ ကိစ္စတွေကို တိုင်းအတွင်း တပြေးညီဖြစ်စေရေးအတွက် အစိုးရကနေ ဧပြီ ၂၂ ရက်နေ့ ရက်စွဲနဲ့ ဝန်ကြီးချုပ်ကိုယ်စား တိုင်းအတွင်းရေးမှူး ဦးတင်မောင်ဆွေ လက်မှတ်ရေးထိုးကာ ညွှန်ကြားချက် ထုတ်ပြန်လိုက်တာပါ။ အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ တိုင်းအတွင်းက ရပ်ကွက်၊ ကျေးရွာတချို့မှာ COVDI-19 ကပ်ရောဂါစိုးရိမ်စိတ်နဲ့ ကိုယ်သဘောနဲ့ကိုယ် အဝင်အထွက်တွေကို ပိတ်ဆို့တားဆီးစစ်ဆေးနေ ကြပြီး အများသူငါ သွားလာတဲ့လမ်းတွေကို ခွင့်ပြုချက်မရှိဘဲ ကိုယ့်သဘောနဲ့ကိုယ် ပိတ်ဆို့တား ဆီးတာတွေ မလုပ်ဖို့နဲ့ ဝန်ကြီးဌာနက ထုတ်ပြန်ညွှန်ကြားချက်၊ ဒေသန္တရအမိန့်တွေအတိုင်းသာ လိုက်နာဆောင်ရွက်ကြဖို့ပါရှိပါတယ်။ ဒါ့အပြင် ရပ်ကွက်၊ ကျေးရွာတွေကို ဝင်ရောက်လာသူတွေကို အပူချိန်တိုင်းတာ၊ လက်ဆေးစေတာ၊ မှတ်တမ်းယူတာမှအပ ဝင်ထွက်သွားလာခွင့်ပြုဖို့ မသင်္ကာဖွယ်တွေ့ရှိရင် နီးစပ်ရာ ကျန်းမာရေးဌာန၊ သက်ဆိုင်ရာဌာနတွေကို သတင်းပို့ဖို့၊ ဝင်ထွက်သွားလာတာကို တားမြစ်ပိတ်ပင်တာတွေမလုပ်ဖို့ မြို့နယ်စီခန့်တွေကို ကြပ်မတ်ဆောင်ရွက်သွားကြဖို့ ဆိုပြီး ပါရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းလူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက "အဓိကကတော့ Quarantine မှာ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း လုပ်နေကြပါတယ်။ အဲဒါလေးတွေလည်း ကျနော်ရောက်တဲ့မြို့နယ်တွေမှာတော့ ဖြေရှင်းပေးခဲ့ ပါတယ်။ တချို့ကလည်း ရန်ကုန်ပြန်၊ မန္တလေးပြန်တွေကော သူတို့စိတ်ကူးနဲ့ သူတို့ ရွာထဲမဝင်ရဘူး တို့ ဘာတို့ပေါ့။ အဲဒါတွေကို တညီတညွတ်ထဲဖြစ်အောင် အမိန့်စာထုတ်ပြီး ညွှန်ကြားသွားဖို့ ရှိပါတယ်။ အကြောက်မလွန်ဖို့ မကြောက်ဘဲလည်း မနေဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြား ထားတဲ့အတိုင်း ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာမယ်ဆိုရင် ပြည်သူ့အင်အားနဲ့ ကောင်းကောင်းထိန်းချုပ်နိုင်မှာပါ။"လို့ ဒီဗွီဘီကို ပြောပါတယ်။ စစ်ကိုင်းတိုင်းအစိုးရကနေ အခုလို အမိန့်စာထုတ်ပြန်တာအပြင် တိုင်းအတွင်း COVDI-19 ရောဂါနဲ့ပတ်သက်ပြီး သတင်းပေးလိုတာပဲဖြစ်ဖြစ်၊ မေးမြန်းလိုတာပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ဖို့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူ၊ တိုင်းဥပဒေချုပ် ဦးခင်မောင်လှတို့ ဦးဆောင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး COVDI-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး၊ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေး လုပ်ငန်းကော်မတီကိုလည်း အများပြည်သူ သိရှိနိုင်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးက COVDI-19 ရောဂါကူးစက်ခံရမှု တစ်နိုင်ငံလုံးမှာ ဒုတိယအများဆုံးဖြစ်နေပြီး ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင် ၆ ယောက်ထိ ကူးစက်ခံထားရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024