Homeမြန်မာသတင်း
စစ်ကိုင်းတိုင်း ၂၇ မြို့နယ်၌ လေပြင်းတိုက်ခတ်ပြီး မိန်းကလေး ၁ ဦးသေ၊ နေအိမ် ၁၀၀၀ ကျော်ပျက်စီး
စစ်ကိုင်းတိုင်း ၂၇ မြို့နယ်၌ လေပြင်းတိုက်ခတ်ပြီး မိန်းကလေး ၁ ဦးသေ၊ နေအိမ် ၁၀၀၀ ကျော်ပျက်စီး
Aung Ko Latt
·
April 22, 2020
စစ်ကိုင်းတိုင်းအတွင်း ဧပြီ ၂၁ ရက် ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် မြို့နယ် ၂၇ မြို့နယ်အတွင်းက နေအိမ် ၉၉၀ ကျော် အမိုးလန်ပျက်စီးခဲ့ပြီး ၁၅ လုံးပြိုကျခဲ့ကာ မိုးကြိုးပစ်လို့ မိန်းကလေးတဦး သေဆုံး၊ တဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဟုမ္မလင်းမြို့နယ်မှာ နေအိမ် ၁၃၉ လုံး၊ အင်းတော်မြို့နယ်မှာ ၁၁၆ လုံး အမိုးလန်တာတွေ ဖြစ်ပေါ်ခဲ့ပြီး လေဘေးဒဏ်ကို အများဆုံးကြုံတွေ့ခဲ့ရကာ ကျန်တဲ့မြို့နယ်တွေမှာတော့ ၁၀ ဂဏန်းပဲ ထိခိုက်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။
စစ်ကိုင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က "လေဘေးကြောင့် ထိခိုက်မှုတွေရှိခဲ့တာကို ပြိုလဲအိမ်အတွက် ၁ သိန်းကျပ်၊ အမိုးလန်တာတော့ အပျက်အစီးပေါ်မူတည်ပြီး ထောက်ပံ့ပေးမယ်။ သေဆုံးသူကိုတော့ ၃ သိန်းကျပ်၊ ဒဏ်ရာရသူကိုတော့ ၅ သောင်းကျပ်စီ ထောက်ပံ့ပေးမှာပါ။ မြို့နယ်တွေမှာ အရေးပေါ်ရန်ပုံငွေကနေ ထောက်ပံ့ပေးဖို့လည်း ညွှန်ကြားနေပါတယ်။ ဒီနေ့ ပြီးသလောက် ထောက်ပံ့မှာပါ"လို့ ပြောပါတယ်။
လေဘေးဒဏ် ထိခိုက်ခံစားခဲ့ရတဲ့ မြို့နယ် ၂၇ မြို့နယ်မှာ အရာတော်နဲ့ ဆားလင်းကြီးမြို့နယ်တွေကတော့ စာရင်းကောက်ယူနေဆဲဖြစ်ပြီး အတိအကျ မရရှိသေးပါဘူး။
ဖောင်းပြင်မြို့နယ်မှာတော့ အမျိုးသမီးငယ် ၄ ဦး တောထဲ ဟင်းခူးသွားရင်း တစ်ယောက် မိုးကြိုးထိမှန်သေဆုံးခဲ့ပြီး နောက်တစ်ယောက်မှာ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဒေသမှာ မိုးကြိုးပစ်ခံရမှု အခုနှစ်အတွင်း အနည်းဆုံး ၃ ကြိမ်ရှိပြီဖြစ်ကာ လူ ၂ ဦးအပါအဝင် တိရစ္ဆာန်အချို့လည်း သေဆုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ မုံရွာ၊ ယင်းမာပင်၊ စစ်ကိုင်း၊ မြင်းမူ၊ ကလေးနဲ့ နာဂဒေသကလွဲပြီး ကျန်တဲ့ မြို့နယ်အားလုံးလိုလိုမှာ မနေ့က မိုးသက်လေပြင်းတိုက်ခတ်မှုကို ထိခိုက်ခံစားခဲ့ရတာလည်း ဖြစ်ပါတယ်။