မြစ်သာသစ်တောကြိုးဝိုင်းတွင် ထင်းခုတ်သူ ၃ ဦး သစ်ပင်ပိပြီး ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
DVB
·
April 22, 2020
မန္တလေးတိုင်း၊ သာစည်မြို့နယ် မြစ်သာသစ်တောကြိုးဝိုင်း လုပ်ကွက်အမှတ် ၃၈ မှာ ဧပြီ ၂၁ ရက်က ထင်းခုတ်သူ အမျိုးသား ၃ ဦး သစ်ပင်ပိတာကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ ယင်းမာပင်ရွာရဲစခန်းက ပြောပါတယ်။
ယင်းမာပင်ရွာရဲစခန်းဒုရဲအုပ်မောင်မောင်ဝင်းက "အခင်းဖြစ်တာက မြစ်သာသစ်တော ကြိုးဝိုင်းမှာပါ ၃ ဦးလုံးကတော့ ပျော်ဘွယ်မြို့နယ်ဘက်က လာတဲ့သူတွေပါ။ ဒဏ်ရာရသွားတဲ့ နှစ် ဦးကတော့ မိတ္ထီလာဆေးရုံ ပို့ထားတယ်။ တဦးကတော့ သေဆုံးသွားတယ် သေမှုသေခင်း အမှုဖွင့်ထားပါတယ်" လို့ ပြောပါတယ်။
မြစ်သာသစ်တောကြိုးဝိုင်းထဲမှာ ထင်းခုတ်လာသူတွေ ထမင်းစားပြီး တဲထဲမှာ အနားယူနေတုန်း တောင်ကမ်းပါးယံမှာ ပေါက်နေတဲ့ သစ်ပင်လဲကျခဲ့တာပါ။
သစ်ပင်က တဲပေါ်လဲကျအတွက် တဲအတွင်းရှိ ပျော်ဘွယ်မြို့နယ် တောင်နီရွာနေ ဖိုးထောင်(၂၈-နှစ်)က ညာဘက်ခြေသလုံး ဒဏ်ရာရပြီး မျောက်မင်းကုန်းရွာနေ ဝင်းမိုးဦး(၁၉-နှစ်)က ဘယ်ဘက်ခြေထောက်ကျိုးသွားပါတယ်။ တရွာတည်းနေ ညီဖြစ်သူ ဝင်းမိုးထူး(၁၆-နှစ်)ကတော့ သစ်ပင်ပိမိလို့ သေဆုံးသွားပါတယ်။
ဒေသခံကိုကျော်ထွန်းက "အဲဒီမြစ်သာသစ်တောကြိုးဝိုင်းဘက်မှာ မကြာခဏဖြစ်တတ်တယ်။ သတိပေးတာ တားမြစ်တာတွေ လုပ်ထားသင့်တယ်" လို့ ပြောပါတယ်။
ယင်းမာပင်ရွာရဲစခန်းကတော့ ဝင်းမိုးထူး သေဆုံးခြင်းဟာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးဖို့ သေမှုသေခင်း အမှတ်စဉ် ၂/၂၀၂၀ ဖြင့် အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။
မောင်မောင်လင်း