ဓာတ်ခွဲနမူနာသယ်လာသည့် WHO ပိုင်ကားကို အေအေအဖွဲ့ ပစ်ခတ်၊ ဝန်ထမ်း ၂ ဦး ဒဏ်ရာရ
DVB
·
April 21, 2020
ရခိုင်ပြည်နယ်အတွင်းက COVID-19 ရောဂါ ရှိ၊ မရှိ စစ်ဆေးဖို့ စောင့်ကြည့်ခံရသူတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ရန်ကုန်သို့ ပို့ဆောင်ဖို့ သယ်ဆောင်လာတဲ့ WHO ပိုင် မော်တော်ယာဉ်ကို အေအေအဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် အရပ်သားဝန်ထမ်း ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ပိုင်မော်တော်ယာဉ်ဟာ ရခိုင်ပြည်နယ်အတွင်းက စောင့်ကြည့်ခံရသူတွေရဲ့ ဓာတ်ခွဲနမူနာတွေကို တင်ဆောင်လာပြီး စစ်တွေမြို့ကနေ ဧပြီ ၂၀ ရက် မနက်ပိုင်းက ထွက်လာခဲ့တာပါ။
မင်းပြားမြို့နယ် ရာမောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီး အရောက်မှာတော့ အေအေ အဖွဲ့က လက်နက်ငယ်တွေနဲ့ ပစ်ခဲ့တာဖြစ်ပြီး အရပ်သားဝန်ထမ်းနှစ်ဦးဖြစ်တဲ့ ကျန်းမာရေးကြီးကြပ် (၂) ဦးအောင်မျိုးဦးနဲ့ ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင်တို့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားဝန်ထမ်းနှစ်ဦးကို မင်းရွာကျေးလက်ကျန်းမာရေးဌာနကတဆင့် မင်းပြား ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသပေးနေပါတယ်။
WHO ပိုင်မော်တော်ယာဉ်ဟာလည်း ပစ်ခတ်ခံရပြီး မြောင်းထဲမှာကျနေတဲ့အတွက် ဧပြီ ၂၁ ရက်နေ့မှ သွားရောက်ယူမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေအရ စစ်တွေမြို့က လေကြောင်းခရီးစဉ်တွေ ရပ်နားထားတာကြောင့် အခုလိုမျိုး WHO ပိုင် မော်တော်ယာဉ်နဲ့ ပို့ဆောင်ဖို့ စီစဉ်တာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို တိုက်ခိုက်ခံရတာကြောင့် ရခိုင်ပြည်နယ်အတွင်းက COVID-19 ရောဂါ ရှိ၊ မရှိ စောင့်ကြည့်ခံရသူတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ရန်ကုန်မြို့က အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနထံ ဘယ်လို ဆက်လက်ပို့ဆောင်မလဲ ဆိုတာကိုတော့ အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြခြင်း မရှိပါဘူး။
အစိုးရက အေအေအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်း မတရားအသင်းအဖြစ်ကြေညာထားတဲ့အတွက် အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ အေအေဘက်ကို ဆက်သွယ်မေးမြန်းဖို့ ဥပဒေကြောင်းအရ အခက်အခဲတွေ ရှိနေပါတယ်။
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)