ရေနံတင်သင်္ဘောများ ဝင်ထွက်ခွင့် ယာယီရပ်ပေးရန် ကျောက်ဖြူဒေသခံများ တောင်းဆို
DVB
·
April 20, 2020
COVID-19 ကပ်ရောဂါကူးစက်မှု ထိန်းချုပ်ကာကွယ်နိုင်ဖို့ ကျောက်ဖြူမြို့နယ်ကို ဝင်ထွက်သွားလာနေကြတဲ့ တရုတ်ရေနံတင်သင်္ဘောတွေနဲ့ နိုင်ငံခြားသင်္ဘောတွေကို အစိုးရက ယာယီပိတ်ထားပေးဖို့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
ကျောက်ဖြူမြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက “လွှတ်တော်ခေါ်တဲ့အချိန်မှာ ဦးလေးတို့က အဲဒီကိစ္စအဝင်အထွက်တွေကို ထိန်းသိမ်းပေးဖို့ နိုင်ငံတော်အစိုးရကို တိုက်တွန်းသွားမှာ ဖြစ်တယ်။ အခုကတော့ လွှတ်တော်မရှိတဲ့အတွက် ပြည်ထောင်စုအစိုးရကသော် လည်းကောင်း၊ ပြည်နယ်အစိုးရကသော်လည်းကောင်း၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ကသော်လည်းကောင်း မဝင်နိုင်အောင် ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်မယ်လို့တော့ ထင်ပါတယ်” လို့ ပြောပါတယ်။
တရုတ်ရေနံတင်သင်္ဘောပေါ် လိုက်ပါလာတဲ့ နိုင်ငံခြားသားတွေဆီကနေ COVID-19 ရေဂါဖြစ်ပွားလာကာ ဒေသခံတဦးဦးကို ကူးစက်သွားပါက ပြည်နယ်နဲ့ နိုင်ငံအတွက်ပါ ထိခိုက်နစ်နာနိုင်တာကြောင့် လက်ရှိအချိန်မှာ ရပ်တန့်ထားတာ အကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ကျောက်ဖြူမြို့ COVID-19 ကြိုတင်ကာကွယ်တားဆီးရေးနှင့် အသိပညာပေးရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျော်ဝင်းက “ဒေသခံတယောက်အနေနဲ့ ဒီလိုဝင်ထွက်တာတွေကို ပိတ်သင့်တယ်လို့ မြင်တာပေါ့နော်၊ ပိတ်တယ်ဆိုပေမယ့် အမြဲတမ်းကြီး ပိတ်ဖို့ပြောတာ မဟုတ်ဘူး၊ ကျနော်တို့ အခု သတ်မှတ်ထားတယ်၊ ဒီလကုန်ထိဆိုတာကို မြို့မိမြို့ဖတွေရော၊ လူငယ်တွေရော၊ အာဏာပိုင်ပါ ပူးပေါင်းပြီးတော့ လုပ်နေတယ်ဆိုတော့ အခု မြဒေးကျွန်းကို ဝင်တယ်၊ မြဒေးကျွန်းကို ဝင်တယ် ဆိုပေမဲ့ မြဒေးကျွန်းမှာ လုပ်ထားတဲ့ဟာက Government to Government လုပ်ထားတယ်၊ Government to Government လုပ်ထားပါစေ၊ ကျနော်တို့က ဒေသခံတွေရဲ့ စိုးရိမ်ကြာင့်ကြမှု၊ ပူပန်မှုကို အလေးအနက်ထားစေချင်တယ်” လို့ ပြောပါတယ်။
COVID-19 ရောဂါဟာ တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့သလို မြန်မာနိုင်ငံမှာလည်း နိုင်ငံခြားက ပြန်လာသူတွေကတဆင့် ကူးစက်ပြန့်ပွားခဲ့တာကြောင့် ဒေသခံတွေက စိုးရိမ်နေကြလို့ ကျောက်ဖြူမြို့နယ်အတွင်း ဝင်ထွက်သွားလာနေကြတဲ့ တရုတ်ရေနံတင်သင်္ဘောတွေနဲ့ နိုင်ငံခြား သင်္ဘောတွေ ဝင်ထွက်သွားလာနေမှုကို ယာယီရပ်တန့်ထားပေးဖို့ ဧပြီ ၈ ရက်နေ့က ဒေသခံ တက်ကြွလှုပ်ရှားသူ ၂ ဦး ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။