မီတာခ ရက်လွန်ကြေးမကောက်၊လျှပ်စစ်မီးမဖြတ်ဟု ကြေညာ
DVB
·
April 20, 2020
မီတာခ ပေးသွင်းတာနောက်ကျပေမယ့် ရက်လွန်ကြေးမပေးရသလို မီးလည်း မဖြတ်ဘူးလို့ မြို့နယ် လျှပ်စစ်ရုံးတွေက ကြေညာပါတယ်။
သင်္ကြန်ပိတ်ရက်ကြောင့် မီတာခကောက်ခံတဲ့ရုံးတွေ ပိတ်ထားခဲ့ပြီး ဒီနေ့ ပြန်ဖွင့်ရာမှာတော့ လူတွေ အများအပြား လာရောက်ပေးဆောင်နေကြတာပါ။
ဒါကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး လူစုလူဝေးမဖြစ်စေဖို့ မီတာခ ရက်လွန်ကြေးတွေကို တလတိတိမကောက်ဘူးလို့ ကြေညာပါတယ်။ ပေးရမယ့် နောက်ဆုံးရက်ကျော်ပေမယ့် နောက်ရက်တွေမှာ လာသွင်းလို့ရပြီး မီးလည်း ဖြတ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကတော့ ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွက် မီတာခတွေကို ဧပြီလ ၂၀၊ ၂၂၊ ၂၄၊ ၂၆၊ ၂၈ ရက်မှာ နောက်ဆုံးပေးသွင်းဖို့ သတ်မှတ်ထားခဲ့ပေမယ့် မေ ၂၀ ရက်နေ့ နောက်ဆုံးထားပေးသွင်းဖို့ ပြင်ဆင်တယ်လို့ ဆိုပါတယ်။
မီတာခတွေကို အွန်လိုင်းငွေချေစနစ်နဲ့လည်း ပေးချေနိုင်ပေမယ့် အများစုက မသုံးစွဲကြဘဲ လျှပ်စစ်ရုံးတွေကိုပဲ သွားရောက်ပေးဆောင်ကြတာပါ။