COVID-19 အတည်ပြုလူနာ ၄ ဦး ထပ်တွေ့၊ စုစုပေါင်း ၁၁၁ ဦးရှိပြီ
DVB
·
April 20, 2020
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ရန်ကုန်ရဲ့ ဧပြီ ၁၉ ရက်နေ့ မှာ စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာတွေထဲ COVID-19 အတည်ပြုလူနာ ၄ ယောက်ကို ထပ်မံတွေ့ရှိရတယ်လို့ မနေ့ည ၁၁ နာရီကျော်မှာ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ပထမအသုတ်ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာ ၁၈၈ ယောက်ထဲမှာ ၁ ယောက် ရောဂါးပိုး တွေ့ရှိခဲ့ပြီး ဒုတိယ အသုတ်စစ်ဆေးတဲ့ ၁၈၁ ယောက်ထဲမှာ ၃ ယောက် ရောဂါပိုးတွေ့ရှိလို့ စုစုပေါင်း ၄ ယောက် ထပ်မံတွေ့ ရှိခဲ့တာပါ။
အသစ်တွေ့ရှိတဲ့ လူနာ ၄ ယောက်စလုံးဟာ ရန်ကုန်တိုင်းထဲက ဖြစ်ပြီး မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်နဲ့ လှိုင်သာယာမြို့နယ်တို့က ဖြစ်ပါတယ်။
မရမ်းကုန်းနဲ့ ဗိုလ်တထောင်မြို့နယ်တို့က ၂ ဦးဟာ ရောဂါအတည်ပြုလူနာတွေနဲ့ ထိတွေ့မှု ရှိခဲ့သူတွေဖြစ်ပြီး သင်္ဃန်းကျွန်းနဲ့ လှိုင်သာယာက နှစ်ဦးကတော့ ထိတွေ့မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
လူနာအသစ်တွေ တိုးလာသလို ရောဂါပိုးမတွေ့ရှိတော့တဲ့ လူနာ ၇ ဦးရှိတယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန မနေ့ည ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။
အဲဒီလူနာတွေကို ဓာတ်ခွဲနမူနာတွေ ထပ်မံရယူကာ ၂ ကြိမ်ဆက်တိုက်စစ်ဆေးခဲ့ရာမှာ လူနာအမှတ် ၃၊ ၄၊ ၇၊ ၉၊ ၁၁၊ ၁၂ နဲ့ အမှတ် ၁၅ တို့မှာ ရောဂါပိုးမတွေ့ရှိတော့တာလို့ ဆိုပါတယ်။
သူတို့အထဲက လူနာအမှတ် ၄ နဲ့ ၇ တို့ ၂ ဦးဟာ ဆေးရုံက ဆင်းခွင့်ရရှိပြီး ဆက်လက် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုနေပါတယ်။ ကျန်လူနာ ၅ ဦးကိုလည်း မကြာမီ ဆေးရုံကနေ ဆင်းနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
ဧပြီ ၂၀ ရက် နေ့ မနက်ပိုင်းအထိ ဓာတ်ခွဲအတည်ပြုလူနာ ၁၁၁ ယောက်နဲ့ သေဆုံးသူ ၅ ဦးရှိပြီ ဖြစ်ပါတယ်။