ကြံခင်းမြို့နယ် ကျေးရွာများတွင် ညဘက် ဝင်ထွက်ခွင့်ပိတ်
DVB
·
April 19, 2020
ဧရာဝတီတိုင်း ကြံခင်းမြို့နယ်ထဲက ကျေးရွာတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်တဲ့ အနေနဲ့ ကျေးရွာတွေရဲ့ ဝင်ပေါက်ထွက်ပေါက်တွေ မနက် ၆ နာရီကနေ ညနေ ၆ နာရီသာ သွားလာခွင့်ပြုပြီး ညဘက်ကို ဝင်ထွက်သွားလာခွင့် မပြုဘူးလို့ သိရပါတယ်။
အခုလို ရွာတွေပိတ်တာကို ကျေးရွာနေပြည်သူတွေက ပိတ်လိုက်တာပါ။ ပိတ်ထားတဲ့ ဂိတ်တွေမှာ လက်ဆေးရမယ့် နေရာတွေလည်း စီစဉ်ထားသလို လော့ဒေါင်းချလိုက်ပါက ဒေသခံပြည်သူတွေအတွက် စားသောက်စရာတွေ ကူညီဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ ရပ်မိရပ်ဖတွေက DVB ကိုပြောပါတယ်။
အခုလို ကျေးရွာလမ်း ပိတ်တာဟာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်မိရပ်ဖတွေ ဆွေးနွေးတိုင်ပင်ပြီး ပြုလုပ်တာဖြစ်ပါတယ်။
“ဘယ်အချိန်မှာ ပြန်ဖွင့်မယ်ဆိုတာတော့ မပြောနိုင်သေးဘူး၊ ဒီကူးဆက်ရောဂါပိုး စိတ်ချရတဲ့ အချိန်လောက်မှ ပြန်ဖွင့်မယ်” လို့ ကြံတောကျေးရွာ ရပ်မိရပ်ဖတဦးက ပြောပါတယ်။
အခုလို ရွာတွေကို ကိုရိုနာဗိုင်းရပ်စ် မကူးစက်ဖို့ ပိတ်ထားတဲ့ ကျေးရွာတွေကတော့ ကြံခင်းမြို့နယ်ထဲက ကြံတော၊ အင်းပလက်၊ သရက်ခုံ စတဲ့ ကျေးရွာတွေ အပါအဝင် ကျေးရွာ ၁၀ ကျော်ရှိနေပါတယ်။