COVID-19 ကာကွယ်ရန် ဖြူးမြို့နယ်၌ မြို့အဝင်စစ်ဆေးမှုများ စတင်
DVB
·
April 19, 2020
COVID-19 ရောဂါကာကွယ်ရေးအတွက် ပဲခူးတိုင်း ဖြူးမြို့နယ်အတွင်းကို ဝင်ရောက်လာတဲ့ ကိုယ်ပိုင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေကို ဧပြီ ၁၈ နေ့က စတင်ကာ ရက်အကန့်အသတ်မရှိ စစ်ဆေးနေတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
မြို့နယ်အတွင်း ဝင်ရောက်နိုင်တဲ့ ဆားဂွန်းလမ်းဆုံ၊ ဇေယျဝတီမြို့အဝင်နဲ့ ကညွှတ်ကွင်းမြို့အဝင်တွေမှာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်နေတာပါ။
မြို့နယ်အတွင်း ဝင်ရောက်လာသူတွေကို ကိုယ်အပူချိန်တိုင်းတာ၊ လက်သန့်ဆေးနဲ့ လက်ဆေးခိုင်းတာနဲ့ ညအိပ်ညနေ လာရောက်သူတွေကို စာရင်းကောက်ယူကာ ၂၁ ရက် စောင့်ကြည့်သွားမယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။
“ဥပမာ ရန်ကုန်က ပြန်လာတယ်ပေါ့။ ဒီလိုလူတွေကို သူ့အိမ်ကနေ ဘယ်မှ သွားလာခွင့်မပြုဘဲ ၂၁ ရက် စောင့်ကြည့်သွားမယ်။ ဘယ်သူ ဘယ်ရပ်ကွက်က ပြန်လာတယ်ဆိုတာကို သူ့အပိုင်အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားပြီး လုပ်ဆောင်သွားမှာပါ။”
ပဲခူးတိုင်းထဲက မြို့နယ်ပေါင်း ၂၈ မြို့ကိုလည်း ဒီနေ့ညကစပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
ကျော်အောင်(ကညွှတ်ကွင်း)