Home
မြန်မာသတင်း
ကန့်ဘလူ၊ ပြည်ကြီးတံခွန်နှင့် စဉ့်ကိုင်မြို့နယ်တို့၌ ကိုဗစ်ညွှန်ကြားချက် မလိုက်နာသူအချို့ကို အမှုဖွင့်
DVB
·
April 19, 2020
ကန့်ဘလူ၊ ပြည်ကြီးတံခွန်နဲ့ စဉ့်ကိုင်မြို့နယ်တို့မှာ ကိုဗစ်-၁၉ ညွှန်ကြားချက် မလိုက်နာသူအချို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ အောင်သိဒ္ဓိရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ မြို့ပေါ်ရပ်ကွက်တွေက လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေကို ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဆိုင်ထိုင်မရောင်းချဖို့ ညွှန်ကြားချက် လိုက်နာမှု ရှိ/မရှိ ဧပြီ ၁၇ ရက်နေ့ ညနေပိုင်းက လိုက်လံစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆေးရာမှာ အောင်သိဒ္ဓိရပ်ကွက်နေ ဦးကျော်စွာဝင်းရဲ့ ‘ငွေလမင်း’ လက်ဖက်ရည်ဆိုင်မှာ ဆိုင်ထိုင်ရောင်းချနေကြောင်း တွေ့ရလို့ ဖမ်းဆီးပြီး ဇီးကုန်းနယ်မြေရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ (စ) ဈေးမှာလည်း ဧပြီ ၁၇ ရက် မနက်ပိုင်းက ဈေးတာဝန်ခံနဲ့ စ-ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဈေးရောင်းသူ/ဝယ်သူတွေအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဖို့ လိုက်လံပြောဆိုစဉ် လိုက်နာခြင်းမရှိဘဲ အရိုး/အသွား ၁ ပေခန့် စတီးဓားနဲ့ ရန်ပြုခဲ့တဲ့ တင့်လွင်(ခ)ကျော်တင့်ကို  စက်မှုနယ်မြေရဲစခန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၆ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ စဉ့်ကိုင်မြို့နယ်၊ မုန့်ပေါင်းကျေးရွာမှာလည်း ဧပြီလ ၁၇ ရက်နေ့ညနေပိုင်းမှာ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က မူဆယ်မြို့ကနေ ကျေးရွာ ပြန်လည်ရောက်ရှိလာသူ ဟိန်းမင်းထွန်းအား ကျန်းမာရေး စောင့်ကြည့်ဖို့ အ.မ.က(မုန့်ပေါင်း) ကို ခေါ်ဆောင်လာစဉ် အဆိုပါကျောင်းမှာ စောင့်ကြည့်လူနာ ထားခွင့်မပြုနိုင်ကြောင်း ရိုင်းစိုင်းစွာ ပြောဆိုဟန့်တားခဲ့တဲ့ တရွာတည်းနေ သွားဆရာဝန် ဒေါက်တာသက်အောင်သန်းကို စဉ့်ကိုင်မြို့မရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ပြည်ထဲရေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024