လမိုင်းမြို့၌ ဆူပူအကြမ်းဖက်ခဲ့သည့် လူငယ် ၃၉ ဦးကို ဖမ်းမိ
DVB
·
April 18, 2020
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ ဆူပူအကြမ်းဖက်ခဲ့တဲ့ လူငယ် ၃၉ ဦးကို ဧပြီ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးမိခဲ့ပြီလို့ ရဲအရာရှိတဦးက ပြောပါတယ်။
လူငယ်အုပ်စု ၃၉ ဦးဟာ သောင်ပြင်ကျေးရွေနဲ့ အာယု တောင်ကျေးရွာက လူငယ်တွေ အများဆုံး ဖြစ်ကြပြီး လမိုင်းမြို့ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
အဆိုပါ လူငယ်အုပ်စုဟာ ဧပြီ ၁၇ ရက်နေ့ညက လမိုင်းမြို့အတွင်း တုတ် ဓားတွေ ကိုင်ဆောင်ပြီး လူငယ် ၁ ဦးအား ဓားနဲ့ ခုတ်ခဲ့သလို ဆိုင်ကယ် ၃ စီး ဖျက်ဆီးခဲ့ပြီး လူနေအိမ်တွေကို အုတ်ခဲနဲ့ ပစ်ပေါက် ထွက်ခွာသွားတာကြောင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့တာပါ။
ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးရာမှ လူငယ် ၁ ဦးအား ပထမ ဖမ်းဆီးရမိပြီး စစ်ဆေးရာ ကနေ ကျူးလွန်ခဲ့ကြတဲ့ လူငယ်အားလုံးကို ဖမ်းဆီးခဲ့မိတာလို့ ရဲအရာရှိက ဆိုပါတယ်။
သောင်ပြင်ကျေးရွာက လူငယ်တွေနဲ့ လမိုင်းမြို့က လူငယ်တွေ စကားများရာကနေတဆင့် မကျေနပ်လို့ အခုလို သောင်ပြင်ကျေးရွာက လူငယ်တွေက လမိုင်းမြို့ကို အုပ်စုဖွဲ့ လာရောက်ပြီး ဆူပူအကြမ်းဖက်ခဲ့တာလို့ သိရပါတယ်။
ဓားခုတ်ခံရပြီး လမိုင်းပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ လူငယ် ကျော်ဇေယျက တရားလိုပြုလုပ် တိုင်တန်းလို့ ရဲတပ်ဖွဲ့ဝင်တွေက လူငယ် ၃၉ ဦးကို လမိုင်းနယ်မြေရဲစခန်းမှာ အမှုဖွင့်လှစ်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
နေမျိုးထွဋ်