A d v e r t i s e m e n t With Us

ပဲခူးတိုင်းက ဖျက်ဆီးမှုများ အရေးယူမှု စတင်

အကြမ်းဖက်ဖျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ ပဲခူးတိုင်းအနောက်ခြမ်း ကြို့ပင်ကောက်မြို့မှာ အယောက် ၄၀ ကျော် ဖမ်းဆီး စစ်ဆေးနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “အခုနောက်ပိုင်းကတော့ အိမ်ဖျက်တာတို့ ဘာတို့ ဖျက်ဆီးတဲ့သူတွေကို ဓာတ်ပုံမှတ်တမ်းရှိတဲ့သူတွေအကုန်ဖမ်းတာပဲ။ အနည်းဆုံး ၅၀-၆၀ လောက်ရှိမယ်။ ကျနော်တို့ရှေ့တင် ဖမ်းသွားတုန်းက လိုက်ထရပ်နဲ့ ၃ စီး။ စခန်းကို ခေါ်သွားတယ်၊ အမျိုးသမီးတွေတောင် ပြန်မလွှတ်ပေးဘူး။” ဇီးကုန်းမြို့မှာတော့ ဖျက်ဆီးရာမှာ ပါဝင်သူတွေကို သတင်းပေးကြဖို့ ရဲတပ်ဖွဲ့က ပန်ကြားချက် ထုတ်ပြန်ထားပေမယ့် သက်သေအထောက်အထားနဲ့ ပြသရမယ်လို့ ပြောတာကြောင့် လက်ရှိကာလအထိ ဖျက်ဆီးသူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ “သူတို့က အရေးအခင်းမှာပါတဲ့သူတွေကို သူတို့ပြော ဖမ်းမယ်။ ဒါပေမယ့် တွေ့တဲ့သူကလည်း သက်သေရှိရမယ်။ သက်သေရှိမှ သူတို့ကဖမ်းမယ် ဆိုတော့ လူတိုင်းက ဘယ်သက်သေလုပ်ချင်မလဲ။ ကိုယ့်ထမင်းကိုယ်စားပြီးတော့။” မနေ့ကတော့ မြို့နယ်ရဲတပ်ဖွဲ့မှူးက  နိုင်ငံရေးပါတီတွေရဲ့ နယ်မြေခံတာဝန်ရှိသူတွေကို ဖိတ်ကြားပြီး သင်္ကြန်ကာလမှာ ပုဒ်မ ၁၄၄ ရုပ်သိမ်းသင့်၊ မသင့် သဘောထား မေးမြန်းခဲ့ပါတယ်။ မိုးညိုမြို့မှာတော့ အကြမ်းဖက်ဖျက်ဆီးမှုနဲ့ ပတ်သက်လို့ ၄ ဦးကို ဖမ်းဆီးစစ်ဆေးနေသလို   ပုဒ်မ ၁၄၄ သတ်မှတ်ချိန်အတွင်း အပြင်ထွက်လို့ ဖမ်းဆီးရုံးတင်ထားသူ ၂၁ ဦးကိုတော့ ဒီနေ့ ရုံးထုတ်ပြီး ရုံးပြန်ချိန်းတယ်လို့ မြို့ခံက ပြောပါတယ်။ ဖျက်ဆီးသူတွေကို ရဲက စာရင်းနဲ့တိုက်ပြီး ဖမ်းဆီးနေတဲ့ပုံစံဟာ ထွက်ပြေးဖို့ အချိန်ရသလို ဖြစ်စေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “အဖျက်အဆီးလုပ်သူတွေက ဘယ်လို ဘယ်လိုဆိုတာ အများကြီး ကျနော်တို့သိထားတယ်။ ၄ ယောက်လောက်ပဲ ဖမ်းလို့ရသေးတယ်။ အလုပ်သွားတဲ့ကလေးတွေက ကား၊ စက်ဘီးတို့နဲ့ အချိန်လွန်ထွက်တဲ့ကလေးတွေ ၂၁ ဦးကို မနေ့က တရားရုံးထုတ်တယ်။ မနေ့က အာမခံပေးပြီး ဒီနေ့ရုံးချိန်းပေးတယ်။” ပဲခူးတိုင်းမှာ ဗလီ၊ မွတ်ဆလင်အိမ်တွေနဲ့ ဆိုင်တွေ ဖျက်ဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဥာဏ်ဝင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေပုံနဲ့   ဖျက်ဆီးကျူးလွန်သူတွေကို ဥပဒေအရ ဖမ်းဆီးအရေးယူမှုတွေ ဆောင်ရွက်နေတယ်ဆိုတာကို ရှင်းပြခဲ့တယ်လို့ ပြောခွင့်ရသူ ဦးဝဏ္ဏရွှေက ပြောပါတယ်။ ပဲခူးတိုင်းအနောက်ပိုင်း ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ အခုလက်ရှိမှာတော့ အကြမ်းဖက်သူတွေကို အရေးယူနိုင်ဖို့အတွက် စုံစမ်းစစ်နေဆဲအဆင့်သာဖြစ်ပြီး အဖမ်းအဆီး မရှိသေးပါဘူးလို့ ဖြေပါတယ်။ ဆူပူအကြမ်းဖက်ဖျက်ဆီးမှုစတင်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာတော့ အကြမ်းဖက် မီးရှို့ဖျက်ဆီးလူသတ်မှု စုစုပေါင်း ၃၅ မှုကို စွဲဆိုထားတယ်လို့ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့က ဒီဗွီဘီကို ဖြေဆိုထားပါတယ်။ ဒီအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် လူ ၄၃ ဦး သေဆုံးပြီး လူပေါင်း ၁ သောင်းကျော် အိုးအိမ်မဲ့ခဲ့ရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up