Home
မြန်မာသတင်း
ဧရာဝတီတိုင်း မြို့နယ် ၂၆ ခုတွင် ညမထွက်ရ အမိန့်ထုတ်
DVB
·
April 18, 2020
COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဧရာဝတီတိုင်းအတွင်းက ပြည်သူများ အနေနဲ့ ည ၁၀ နာရီကနေ မနက် ၄ နာရီအချိန်ထိ အပြင်မထွက်ကြဖို့နဲ့ မလိုက်ပါက အရေးယူမယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ညမထွက်ရအမိန့်အား မြို့နယ် ၂၆ မြို့နယ်ကို ဧပြီ ၁၈ ရက်နေ့ကစတင်ပြီး အမိန့်ထုတ်ပြန်သွားဖို့ တိုင်းဒေသကြီးအဆင့် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ညွှန်ကြားထားတာပါ။ ကန်ကြီးထောင့်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းက “အမိန့်ကတော့ ဒီနေ့မှ တိုင်းကထုတ်တာ၊ ဒါကို မြို့နယ်ထွေအုပ်က ဆက်ထုတ်တာ။ ည ၁၀ နာရီကနေ မနက် ၄ နာရီထိ အပြင်မထွက်ဖို့ပေါ့၊ ထွက်ရင်တော့ တည်ဆဲဥပဒေတွေနဲ့ ထိရောက်စွာ အရေးယူသွားမယ်ဆိုတာပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။ ည ၁၀ နာရီမှ မနက် ၄ နာရီအထိ အပြင်မထွက်ရဖို့ အမိန့်ထုတ်ပြန်ထားပေမဲ့ ဌာနဆိုင်ရာတာဝန်နဲ့ သွားလာတဲ့သူတွေနဲ့ ကျန်းမာရေးကိစ္စဆောင်ရွက်တဲ့သူတွေနဲ့ နာရေးကိစ္စ ဆောင်ရွက်တွက်သူတွေတော့ ညမထွက်ဖို့ သတ်မှတ်ထားတဲ့အချိန်ကာလမှာ အလုပ်ပေါ်လာ ရင် သွားလာနိုင်တယ်လို့ ဆိုပါတယ်။ COVID-19 ရောဂါကူးစက်မှုနှုန်းမြင့်တက်လာတာနဲ့အညီ တိုင်းဒေသကြီးအစိုးရအနေနဲ့ ရောဂါ ထိန်းချုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အမိန့်ညွှန်ကြားချက်တွေကို ထုတ်ပြန်နေသလို Quarantine မဝင်လိုတဲ့သူတွေ ညဉ့်နက်ပိုင်းက ခိုးဝင်ပြီး ပြန်လာနေတယ်ဆိုတဲ့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကိုလည်း လျော့ကျစေမယ်လို့ သိရပါတယ်။ COVID-19 ရောဂါဖြစ်ပွားနေစဉ် အချိန်ကာလအတွင်း ညပိုင်းအချိန် ပြည်သူတွေ အပြင်မထွက်ဖို့ကို တိုင်းနဲ့ ပြည်နယ်အတော်များများမှာ ဧပြီလ ၁၇ ရက်နေ့က စတင်ပြီး အမိန့်ထုတ်လာခဲ့တာဖြစ်ပြီး ရန်ကုန်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေမှာလည်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီဖြစ်ပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024