ပခုက္ကူမြို့၌ တရုတ်နိုင်ငံသားများတည်းသည့် ဟိုတယ်ရှေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်
DVB
·
April 18, 2020
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ လူနာ အမှတ် ၈၂ နဲ့ လေယာဉ်တစီးတည်း စီးလာတဲ့ တရုတ်နိုင်ငံသားတွေ တည်းခိုနေတဲ့ ဟိုတယ်ရှေ့မှာ ဧပြီလ ၁၇ ရက်နေ့ညက ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပခုက္ကူမြို့ဆေးရုံ အထောက်ကူပြုကော်မတီဝင် ဦးတင်ဝင်းက “အောင်သရဖူ ဟိုတယ်မှာ Case-82 နဲ့လေယာဉ်တစီးတည်း အတူစီးနင်းခဲ့တဲ့ တရုတ်နိုင်ငံသားတွေ တည်းခိုနေတာကို ရပ်ကွက်က သိသွားပြီး အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ လာရောက်တားမြစ်လူစုခွဲပြီး တည်းခိုနေတဲ့သူတွေကို ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းအိမ်ရာအဖြစ် ဆောက်လုပ်ထားတဲ့ Q 1 ကို ပို့ဆောင်ပေးပြီး Facility Quarantine ပြုလုပ်ပေးထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပခုက္ကူမြို့ Q1 တာဝန်ခံ ကိုကျော်သူရိန်က “တရုတ်နိုင်ငံသားတဦး၊ ပြည်တွင်းက အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကို တာဝန်ရှိသူတွေ လာရောက်ပို့ဆောင်တဲ့အတွက် Facility Quarantine ပြုလုပ်ပေးထားတယ်” လို့ ပြောပါတယ်။
ပခုက္ကူမြို့မှာ ပြည်ပက ပြန်ဝင်လာသူတွေအတွက် Quarantine စင်တာ ၂ ခုထားရှိပြီး ပြည်တော်ပြန် ၆၀ ကျော်လောက်ကို Facility Quarantine ထားရှိပြီး ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။
မင်းထီး