A d v e r t i s e m e n t With Us

သင်္ကြန် ရေကစားသူများအတွက် ထိုင်းအစိုးရ စည်းကမ်းထုတ်ပြန်

ထိုင်းအစိုးရက ထိုင်းသင်္ကြန်မှာ ပါဝင်ဆင်နွှဲမယ့်သူတွေနဲ့ ပတ်သက်ပြီးတော့ လိုက်နာဖို့ စည်းကမ်းချက် ၈ ချက်ကို ထိုင်းနိုင်ငံ မော်တော်ယဉ်ထိန်းသိမ်းရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ သင်္ကြန်ရေကစားတဲ့အချိန်မှာ မူးယစ်သေစာတွေ သောက်စားခြင်းမပြုဖို့၊ သရုပ်ပျက် အ၀တ်အစားတွေ မ၀တ်ဖို့၊ ရေခဲအသုံးပြုပြီးရေမကစားဖို့၊ ကိုယ်ထိလက်ရောက် မစော်ကားဖို့ စတဲ့ စည်းကမ်းချက်တွေကို ဧပြီ ၈ ရက်နေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒါအပြင် ကားပေါ်မှာ ရေတိုင်ကီတွေတင်ပြီးရေမဆော့ဖို့၊ သီချင်းအကျယ်ကြီးမဖွင့်ဖို့၊ ပေါင်ဒါတွေ အသုံးပြုပြီး ရေမကစားဖို့၊ တန်ဖိုးရှိသော ပစ္စည်းများ ခန္ဓာကိုယ်မှာ ၀တ်ဆင်ကစားခြင်း မပြုလုပ်ဖို့တွေကိုလည်း ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်တွေကို ထိုင်းနိုင်ငံ မီဒီယာတွေကလည်း ကြေညာနေသလို အရက်သောက်သုံးပြီးတော့ ယာဉ်တွေကို မောင်းမယ်ဆိုရင် ထောင်ဒဏ် ၆ လနဲ့ ဘတ်ငွေ ၁ သောင်း ဒဏ်ငွေ ချမှတ်မယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ယာဉ်မတော်တဆမှုတွေကို တားမြစ်ဖို့အတွက်လည်း မူးယစ်ဆေးဝါး အသုံးပြုပြီး ယာဉ်မောင်းနှင်တာတွေ မလုပ်ဖို့နဲ့ အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်မှာဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ကလည်း ဆေးရုံတွေအနေနဲ့ မတော်တဆမှုဖြစ်ရပ်တွေကို လက်ခံကုသပေးဖို့ ကျန်းမာရေး ၀န်ကြီးဌာနကို ညွှန်ကြားထားပါတယ်။ လက်ထောက် ထိုင်းကျန်းမာရေး ၀န်ကြီးဌာနက သင်္ကြန်ပွဲတော်မှာ မတော်တဆမှုတွေ ပုံမှန်ထက် ၂ ဆ ဖြစ်ပွားလေ့ရှိတဲ့အတွက် ထိုင်းဝန်ကြီးချုပ်က စိုးရိမ်နေတာဖြစ်ပြီး မတော်ဆမှုအများစုက အရက်သောက်ပြီး ယာဉ်မောင်းနှင်တာနဲ့ ဦးထုပ်မပါဘဲ မော်တော်ဆိုင်ကယ် စီးနင်းတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အရင်နှစ် ဧပြီ ၁၁-၁၇ ထိုင်းသင်္ကြန် ရက်တွေ အတွင်း မတော်တဆမှု ၃၁၂၉ မှု ဖြစ်ပွားခဲ့ပြီး လူ ၃၂၀  ဦး သေဆုံးကာ ၃၃၂၀ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီမတော်တဆ ဖြစ်ရပ်ထဲက ၃၉ ရာခိုင်နှုန်းကျော်က အရက်သောက်သုံးတာကြောင့် ဖြစ်ပြီးတော့  ၂၁ ရာခိုင်နှုန်းကျော်ကတော့ အရှိန်မထိန်းနိုင်တာကြောင့် ဖြစ်တယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up