Home
မြန်မာသတင်း
နေပြည်တော်ကောင်စီနယ်မြေတွင် အကျဉ်းသား ၅၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ရ 
နေဖြိုးဝင်း
·
April 17, 2020
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အချုပ်ထောင်နဲ့ ကုန်ထုတ်စခန်းနှစ်ခုကနေ အကျဉ်းသား ၅၀၀ ကျော် ဒီကနေ့ သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာပါတယ်။  နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အချုပ်ထောင်ကနေ ၅၃ ဦး၊ တပ်ကုန်းမြို့နယ် ကင်းသာ(၁) ကုန်ထုတ်စခန်း ကနေ ၂၁၉ ဦး၊ ကင်းသာ(၂) ကုန်ထုတ်စခန်းကနေ ၂၅၄ ဦး စုစုပေါင်း ၅၂၆ ဦး တို့လည်း လွတ်ငြိမ်းခွင့်ရခဲ့တာဖြစ်ပါတယ်။ ကင်းသာ(၁) ကုန်ထုတ်စခန်းက ထောင်မှူး ဦးဌေးလွင်ထွန်းက “သီးခြားနာမည်နဲ့ လွှတ်ခိုင်းတဲ့သူလည်းရှိပါတယ်။ လွှတ်ခိုင်းတဲ့သူရှိဆိုတာက နိုင်ငံခြားသားတွေလည်း ပါတာပေါ့။ ကျနော်တို့ဆီမှာ တပ်မတော်မှာတာဝန်ထမ်းဆောင်ပြီးတော့ လွှတ်နီးကြီးတွေကို သီးခြားနာမည်ပေးပြီးလွှတ်ခိုင်းတာရှိပါတယ်။ တစ်ခုကတော့ မူးယစ်ဆေးဝါးအမှုတွေကို အားလုံးကို လွှတ်ပေးပါတယ်။ အဲမှာမှ မူးယစ်ဆေးဝါးမှုနဲ့ အခြားအမှုနဲ့တွဲပြီး ကျတဲ့သူတွေရှိပါတယ်။ အဲဒီအမှုတွေကိုကျတော့ မူးယစ်ဆေးဝါးအမှုကို အရှင်းလွှတ်လိုက်ပြီးတော့မှ ကျန်တဲ့တွဲလာတဲ့ အခြားအမှုကို လေးပုံတစ်ပုံ လျှော့ရက်ပေးပြီးတော့ သူတို့ရဲ့ အရင်ရထားတဲ့ လျှော့ရက်နဲ့ပေါင်းပြီး လွတ်မြောက်မယ့်စာရင်း ထဲမှာဝင်တယ်ဆိုရင် လွှတ်ပေးပါတယ်။” လွတ်မြောက်မယ့် အကျဉ်းသားတစ်ဦးချင်းကိုလည်း COVID-19 ရောဂါလက္ခဏာ ရှိ မရှိ စစ်ဆေးပေးထားသလို ဒီနေ့ လွှတ်ပေးတဲ့အချိန်မှာလည်း တပ်မတော်ဆေး သုတေသနအဖွဲ့ကလည်း ဆေးစစ်ဆေးပြီး  အသိပညာပေးဟောပြောခဲ့ပါတယ်။ ဒါအပြင် လွတ်မြောက်မယ့်အကျဉ်းသားတွေကိုလည်း အိမ်အရောက် ကားနဲ့ ပို့ဆောင်ပေးမှာလည်း ဖြစ်ပါတယ်။ “ ဒီကာလဖြစ်တဲ့အတွက်ကြောင့် lockdown ချတဲ့နေရာတွေလည်း ရှိတယ်။ အသွားအလာ ကန့်သတ်တဲ့နေရာတွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့် သွားမယ့်နေရာတွေကို စုစည်းပြီး ပို့ပေးမှာပါ။ ပို့တဲ့နေရာမှာ လက်ခံတဲ့နေရာမှာရှိတဲ့ ဒေသဆိုင်ရာအာဏာပိုင်တို့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အပြင် သူတို့ သွားမယ့်နေရာက ပြည်သူတွေ နားလည်အောင် ရှင်းပြဖို့ လည်း နိုင်ငံတော်က စီစဉ်ပေးထားပြီးဖြစ်ပါတယ် ” လို့ ထောင်မှူးက ပြောပါတယ်။ လွတ်မြောက်မယ့်သူတွေအတွက် ခရီးစရိတ်၊ စားစရိတ်အပြင် ကုန်ထုတ်စခန်းတွေက သူတွေဆိုရင် ပြစ်ဒဏ်ကျခံနေရတဲ့ ကာလအတွင်း အလုပ်ဆင်းတဲ့ရက်တွေအတွက် တစ်ရက်ကို ၂၅၀ ကျပ်နှုန်းနဲ့ တွက်ပြီး ပေးလိုက်မယ်လို့ သိရပါတယ်။ မြန်မာနှစ်သစ်ကူးနေ့မှာ  အကျဉ်းထောင်နဲ့ အကျဉ်းစခန်းအသီးသီးက အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၄၈၉၆ ဦးကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024