မင်းကင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်သဖြင့် နေအိမ် ၅၀ ကျော် ပျက်စီး
Aung Ko Latt
·
April 17, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်ထဲက ကျေးရွာတွေမှာ ဧပြီ ၁၆ ရက် ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် လူနေအိမ် ၅၆ အိမ်က အမိုးလန်ပြီး နေအိမ် ၁ လုံး သစ်ပင်ပိ ပြိုကျခဲ့ပါတယ်။
လေပြင်းကြောင့် မင်းကင်းမြို့နယ်အတွင်းက ပန်းဆက်၊ ကုန်းရင်း၊ အနောက်တော၊ မောက်တက်၊ ရှဲ၊ ရွာသာအပါအဝင် စုစုပေါင်း ကျေးရွာ ၁၀ ရွာမှာ လေဘေးသင့်ခဲ့ပြီး လူနဲ့ ကျွဲနွားတိရစ္ဆာန်တွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ သိရပါတယ်။
မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးသုတစိုးက "လောလောဆယ်တော့ စာရင်းကောက်ပြီးသွားပြီ။ ပျက်စီးမှုအနည်းအများပေါ်မူတည်ကာ ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။ ယာယီတွက်ထားတာကတော့ ကျပ်သိန်း ၂၀ ကျော်ဖိုး ထောက်ပံ့ရဖို့ ရှိနေပါတယ်။ ဒီလေဘေးက ဒီနှစ်အတွက်တော့ ပထမဆုံးအကြိမ်ပါပဲ။"လို့ ပြောပါတယ်။
မနေ့ညက မိုးသက်လေပြင်းတိုက်ခတ်တာအပြင် မိုးကြိုးပစ်တာ၊ ငလျင်လှုပ်တာတွေလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။
မိုးသက်လေပြင်းကြောင့် ယင်းမာပင်မြို့နယ်မှာလည်း မိုးကြိုးပစ်လို့ နေအိမ် ၂ လုံးထိခိုက်ခဲ့ကာ ငလျင်ကြောင့်လည်း ကလေးမြို့နယ်က အင်းကျွန်းကျေးရွာမှာ ဘုရားစိန်ဖူးတော် မြေခသွားခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ ဧပြီလအတွင်း လေဘေးအပါအဝင် သဘာဝဘေးဖြစ်ပွားတာ ၇ ကြိမ်ဝန်းကျင်ရှိပြီး ငွေကျပ်သိန်း ၁၈၀ ကျော်ထောက်ပံ့ထားရတယ်လို့ တိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောပါတယ်။
"မနှစ်ကနဲ့ နှိုင်းယှဉ်ရင်တော့ ဖြစ်တဲ့ အကြိမ်ရေနည်းသေးတယ်လို့ ပြောရမယ်။ ၁ လလောက် နောက်ကျတာကြောင့်။ နောက်မဖြစ်ဖို့ဘဲ ဆုတောင်းနေရတာပေါ့။ လောလောဆယ်တော့ ကိုဗစ်နဲ့ပတ်သက်တဲ့ အသိပညာပေးတာတွေကို ကျေးရွာတွေထိ ကွင်းဆင်းပြီး အသံချဲ့စက်နဲ့ လိုက်အော် အသိပေးနေတယ်။ သဘာဝဘေးကလည်း နောက်ကလိုက်လာပြီဆိုတော့ အဲဒါကိုလည်း တလက်စထဲ အသိပညာပေးခဲ့ကြဖို့ကိုတော့ ညွှန်ကြားနေပါတယ်။"
စစ်ကိုင်းတိုင်းဒေသကြီးဟာ လေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ ရေကြီးရေလျှံဘေးနဲ့ ကမ်းပြိုဘေးစတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ နှစ်စဉ်လိုလို အဓိက ကြုံတွေ့နေရတာ လည်းဖြစ်ပါတယ်။