ဖြူးမြို့နယ်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာ ၃ ဦးရှိ
DVB
·
April 17, 2020
ပဲခူးတိုင်း ဖြူးမြို့နယ် ပြည်သူ့ဆေးရုံကြီးက COVID-19 စောင့်ကြည့်လူနာ ၃ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနကို ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းမှာ ပေးပို့ထားတယ်လို့ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ဖြိုးဝေဝင်းက ပြောပါတယ်။
အဲဒီ စောင့်ကြည့်လူနာ ၃ ဦးမှာ ဇေယျဝတီမြို့က ၂ ဦး နဲ့ ဝဲကြီးကျေးရွာက ၁ ဦးတို့ ဖြစ်ပါတယ်။
"ဟုတ်တယ်။ အခုလက်ရှိ စောင့်ကြည့်လူနာ သုံးယောက်ရှိတယ်။ သူတို့ကို ဖြူးဆေးရုံကြီးရဲ့ သီးသန့်ခန်းမှာ ထားထားတယ်။ သူတို့ရဲ့ ဓာတ်ခွဲနမူနာတွေကိုလည်း ရန်ကုန်ကို ပို့ထားပြီးပါပြီ" လို့ ဒေါက်တာဒေါ်ဖြိုးဝေဝင်းက ပြောပါတယ်။
အဲဒီစောင့်ကြည့် လူနာ ၃ ဦးကတော့ မြဝတီကပြန်လာသူ အသက် ၂၆ နှစ်နဲ့ ၃၆ နှစ် အမျိုးသမီးလူနာ ၂ ဦးနဲ့ ထိုင်းကပြန်လာသူ အမျိုးသမီးလူနာ (၃၆ နှစ်) တို့ဖြစ်ပြီး ဖျားတဲ့ လက္ခဏာ ကြောင့် Quarantine စခန်းတွေကနေ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံကို ဧပြီ ၁၅ ရက်နေ့က ရောက်ရှိလာတာလို့ သိရပါတယ်။
သတင်း - ကျော်အောင်(ကညွတ်ကွင်း)