COVID-19 ကြောင့် မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာကို အကျဉ်းရုံးပိတ်သိမ်း
DVB
·
April 17, 2020
မကွေးတိုင်း မင်းဘူး (စကု) မြို့နယ်ထဲက မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာရှိ ဗုဒ္ဓဘုရားရှင်ရဲ့ ခြေတော်ရာကို ဧပြီ ၁၇ နေ့ မနက်ပိုင်းက အလင်းဖောက် ဖန်အုပ်ဆောင်းအုပ်ပြီး အကျဉ်းရုံး ပိတ်သိမ်းလိုက်ပါတယ်။
မန်းရွှေစက်တော်ဘုရား ဂေါပကအတွင်းရေးမှူး ဦးခင်မောင်စိုးက "COVID-19 ရောဂါကြောင့် ယခင်နှစ်တွေကလို ခြေတော်ရာပိတ်ပွဲကို စည်းကားသိုက်မြိုက်စွာ မပြုလုပ်တော့ဘဲ သြဝါဒ သံဃာတော် ၅ ပါးနဲ့ အကျဉ်းရုံးပြီး ပိတ်သိမ်းခဲ့တာပါ။” လို့ ပြောပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲတော်ကိုတော့ COVID-19 ရောဂါကြိုတင် ကာကွယ်နိုင်အောင် မတ်လ ၁၃ ရက်နေ့က ပိတ်သိမ်းခဲ့ပြီး နစ်နာတဲ့ လုပ်ငန်းရှင်တွေနဲ့ စျေသည်တွေအတွက် တင်ဒါကြေးငွေ ၆၀ ရာခိုင်နှုန်း ပြန်ပေးခဲ့တယ်လို့ ဦးခင်မောင်စိုးက ဒီဗွီဘီကိုပြောပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲတော်ဟာ နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်ကနေ မြန်မာနှစ်ဆန်း ၁ နေ့ထိ ရက်ပေါင်း ၈၀ ကြာ ကျင်းပတဲ ပွဲတော်တခုဖြစ်ပြီး အခုနှစ်မှာတော့ COVID-19 ရောဂါကြောင့် ရက်ပေါင်း ၄၀ ကျော်ခန့်သာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း-မင်းထီး