Homeမြန်မာသတင်း
COVID-19 ကို ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုကနေ ကျော်လွှားနိုင်မည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
COVID-19 ကို ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုကနေ ကျော်လွှားနိုင်မည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
DVB
·
April 17, 2020
COVID-19 ရောဂါကပ်ဘေးကြီးကို မိဘပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေပြီး ကျော်လွှား နိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ဧပြီလ ၁၇ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အခါသမယအထိမ်းအမှတ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားတာပါ။
“မိဘပြည်သူများနဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး နှစ်သစ်အခါသမယမှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ် ခင်ဗျာ။ ၁၃၈၁ ခုနှစ်ကို ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ မိဘပြည်သူများ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေနဲ့ ဖြတ်သန်းခဲ့တဲ့ဖြစ်စဉ် ပေါင်းများစွာထဲမှာ အောင်မြင်တာ တွေရှိသလို စိန်ခေါ်မှုတွေလည်း ရှိကြပါတယ်။ နှစ်ကုန်ခါနီးမှာတော့ မမျှော်လင့်ဘဲနဲ့ COVID-19 ရောဂါ ပြဿနာတစ်ခု ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်။”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ပြည်သူတွေ စည်းကမ်းတကျ နေထိုင်လုပ်ဆောင်မှုဟာ ရောဂါကပ်ဘေးကို ကျော်လွန်ဖို့ အထောက်အကူဖြစ်စေမယ်လို့လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။
“ဒီရောဂါကပ်ဘေးကြီးကိုတော့ မိဘပြည်သူများနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေပြီး ကျော်လွှားနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ မိဘပြည်သူများရဲ့ စည်းကမ်းတကျ နေထိုင်လုပ်ဆောင်မှုဟာ ဒီကပ်ဘေးကျော်လွန်မှုအတွက် အထောက်အကူရလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။”
နှစ်သစ်အခါသမယမှာ မိဘပြည်သူအားလုံး သောကခပ်သိမ်း ချုပ်ငြိမ်းကြစေဖို့၊ မောဟခပ်သိမ်းချုပ်ငြိမ်းကြစေဖို့နဲ့ ကောင်းကျိုးလိုအင် ဆန္ဒတွေ ပြည့်စုံကြစေဖို့ လည်း တပ်မတော်အကြီးအကဲက နှစ်သစ် ဆုတောင်းပေးထားပါတယ်။