Homeမြန်မာသတင်း
တောင်နီကျေးရွာ Quarantine စခန်းမှ စဝ်စံထွန်းဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ထားသည့် အမျိုးသား ၁ ဦး သေဆုံး
တောင်နီကျေးရွာ Quarantine စခန်းမှ စဝ်စံထွန်းဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ထားသည့် အမျိုးသား ၁ ဦး သေဆုံး
DVB
·
April 17, 2020
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တောင်နီကျေးရွာရှိ Quarantine စခန်းကနေ တောင်ကြီး စဝ်စံထွန်းဆေးရုံကို လွှဲပြောင်းကုသနေတဲ့ အမျိုးသားတဦး ဧပြီ ၁၆ ရက်ညက သေဆုံးသွားပါတယ်။
သေဆုံးသွားတဲ့ အသက် (၅၆)နှစ်အရွယ်အမျိုးသားဟာ ကချင်ပြည်နယ်၊ ဖားကန့်မြို့ကနေ ပြန်လာသူဖြစ်ပြီး တောင်နီကျေးရွာရှိ Quarantine စင်တာကို ဧပြီလ ၁၄ ရက်နေ့မှာ ရောက်ရှိလာသူဖြစ်ပါတယ်။
ဝမ်းလျှောပြီး ဖျားနေလို့ ဧပြီလ ၁၆ ရက်၊ ညနေ ၃ နာရီလောက်က တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ လွှဲပြောင်းကုသပေးခဲ့ရာမှာ ည ၇ နာရီ ဝန်းကျင်မှာတော့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
တောင်ကြီးမြို့နယ် ကျန်းမာရေးဌာန ဦးစီးမှူး ဒေါက်တာ မိုးထွန်းက “သူက quarantine စင်တာဝင်တာသုံးရက်ရှိပြီ၊ ဖျားတယ် နောက်ဝမ်းလျှောတဲ့ အတွက်ကြောင့် မနေ့က တောင်နီ quarantine စင်တာမှ လွှဲတယ် ညနေ ၃ နာရီမှာ စဝ်စံထွန်း ဆေးရုံကိုရောက်လာတယ်။ ပြီးတော့လိုအပ်တာတွေ စမ်းသပ်မှုလုပ်တယ် ည ၇ နာရီ ကျော်ကျော်လောက်မှာ ကွယ်လွန်သွားတယ်”လို့ ပြောပါတယ်။
သေဆုံးသွားသူအမျိုးသားဟာ ကွတ်ခိုင်မြို့မှာနေထိုင်တာဖြစ်ပြီး ဖားကန့်ကနေ ကွတ်ခိုင်ကိုပြန်သွားလို့မရတဲ့အတွက် ဆွေမျိုးရှိတဲ့တောင်နီကိုဆိုင်ကယ်နဲ့ပြန်လာရာ quarantine စင်တာ တန်းဝင်ခဲ့တာဖြစ်ပါတယ်။
ရှမ်းပြည်နယ် ကျန်းမာရေး ဦးစီးဌာန ပြည်နယ်ညွန်ကြားရေးမှူး ဒေါက်တာသူဇာချစ်တင်က “သူက ၁၄ ရက်နေ့က ဖားကန့်ကနေ တောင်နီကိုရောက် quarantine စင်တာ ဝင်တယ်၊ ၁၅ ရက်နေ့က ဝမ်းလျှောတယ်၊ ၁၆ ရက်နေ့က စဝ်စံထွန်းဆေးရုံကို ရောက်တဲ့ အချိန်မှာလည်း အခြေအနေသိပ်မကောင်းဘူး ဓာတ်ခွဲနမူနာတော့ ယူထားလိုက်တယ်”လို့ ဆိုပါတယ်။
အဲဒီအမျိုးသားက စဝ်စံထွန်းဆေးရုံသို့ ရောက်ရှိလာတဲ့အချိန်မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေတွေ့ရှိရပြီး ကျန်းမာရေး အခြေအနေဆိုးဝါးနေသလို မူးယစ်ဆေးဝါးသုံးစွဲထားတဲ့ လက္ခဏာတွေကို တွေ့ရတယ်လို့လည်း ပြောပါတယ်။
အဲဒီအမျိုးသားက ဖားကန့်မြို့ကနေ တောင်ကြီးမြို့နယ်၊ တောင်နီကျေးရွာကို တခြားအမျိုး သားတစ်ဦးနဲ့အတူ ဆိုင်ကယ်နဲ့ ပြန်လာတာ ဖြစ်ပြီး သူတို့နှစ်ဦးကို သီးသန့်ခွဲထားတာဖြစ်ပါတယ်။
သေဆုံးသွားသူရဲ့ ဓာတ်ခွဲနမူနာကို ယူထားပြီး ရန်ကုန်သို့ပို့ဆောင်သွားမှာဖြစ်ပါတယ်။
သတင်း- ခွန်ရာဇာ