ကပ်ရောဂါဘေးမှ ကင်းဝေးကြစေရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှစ်သစ်ဆုတောင်း
DVB
·
April 17, 2020
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် ဒီနှစ်အတာသင်္ကြန်မှာ လွတ်လပ်စွာ ပျော်ရွှင်ခွင့် မရကြတာကို များစွာစိတ်မကောင်းဖြစ်ရကြောင်းနဲ့ ကပ်ရောဂါဘေးမှ ကင်းဝေးကြစေဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဆုတောင်းပေးလိုက်ပါတယ်။
ဒီကနေ့ ဧပြီလ ၁၇ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အခါသမယအထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားတာပါ။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြတဲ့ ဝန်ထမ်းတွေ၊ အလှူရှင်တွေ၊ ပူးပေါင်း ပါဝင်ကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေ၊ မီဒီယာတွေ၊ ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်တွေကို တိကျစွာ လိုက်နာကြတဲ့ လူထုလူတန်းစား အလွှာအသီးသီးက မိဘပြည်သူတွေ အားလုံးကို အထူးကျေးဇူးတင်တယ်လို့ သမ္မတက ပြောပါတယ်။
ဒီကမ္ဘာလုံးဆိုင်ရာ ကူးစက်ပျံ့နှံ့တဲ့ ကပ်ရောဂါဆိုးကို အမျိုးသားရေးတာဝန်တရပ်အဖြစ် တာဝန်ကိုယ်စီ ရှိကြတဲ့အတွက် အားလုံး အတူတကွ စည်းလုံးညီညွတ်စွာနဲ့ တုံ့ပြန်ဖြေရှင်းကြဖို့ လည်း သမ္မတက မေတ္တာရပ်ခံပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ COVID-19 ကပ်ရောဂါဆိုးနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို ဘက်ပေါင်းစုံက ကြိုတင်ပြီး စနစ်တကျ စီမံဆောင်ရွက်နေတယ်လို့လည်း သမ္မတက ပြောပါတယ်။
ဒါ့အပြင် တဖက်မှာလည်း တရားဥပဒေစိုးမိုးရေး၊ ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေ စီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ဆက်လက်ဆောင်ရွက်နေတဲ့ အပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍအသီးသီးမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေရာမှာ ပြည်သူတွေအနေနဲ့ တွေ့မြင်ကြားသိနိုင်တဲ့ မြင်သာထင်သာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှိသလို မတွေ့မြင် မကြားသိနိုင်တဲ့ မြင်သာထင်သာ မရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေလည်း ရှိတယ်လို့ သမ္မတက ပြောပါတယ်။
နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းတဲ့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့နှစ်သစ်မှာ စိတ်သစ်လူသစ် ခွန်အားသစ်တွေနဲ့ နှစ်သစ်သို့ ခရီးဆက်ကြဖို့နဲ့ ပြည်သူလူထုရဲ့ မျှော်လင့်ချက်နဲ့ နိုင်ငံတော်အစိုးရရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေ ထမြောက် အောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရနဲ့ အတူလက်တွဲမဖြုတ်စတမ်း ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြဖို့လည်း သမ္မတက ပန်ကြားထားပါတယ်။