Home
မေးမြန်းခန်း
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေအပေါ် ဦးရဲထွဋ်ကို မေးမြန်းချက် ၂
DVB
·
April 9, 2013
ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထုတ်ပြန် ကြေညာခဲ့တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီဥပဒေကြမ်းကို ထုတ်ပြန်ရခြင်း ရည်ရွယ်ချက်။ ဒီဥပဒေထုတ်ပြန်ခဲ့တဲ့အပေါ် ထောက်ခဲ့သူ၊ ကန့်ကွက်သူတွေ အမျိုးမျိုး ရှိနေပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်ကို ဦးတိုးဇော်လတ်က တွေ့ဆုံ မေးမြန်းချက် အပိုင်း ၂ ဖြစ်ပါတယ်။ တချို့လည်း ရှိခဲ့ဖူးတယ်။ ဥပမာ Hate Speech ပေါ့။ စာနယ်ဇင်းတချို့ အဲလိုမျိုး ဓာတ်ပုံထည့်ခဲ့ဖူးလို့ တရားရုံးမှာဖြေရှင်းခဲ့ရတာ ရှိတယ်။ အဲလိုပဲ အားကစားဂျာနယ်တွေ လောင်းကစားဂျာနယ် အားပေးတယ်ဆိုပြီး ရုပ်သိမ်းခံရတာတွေ ရှိတယ်။ ကျန်းမာရေးအရ အသရေဖျက်တယ်ဆိုပြီး ဒေါ်လာ သန်း ၂ သောင်းရမှုနဲ့ တရားစွဲတာတွေလည်းရှိခဲ့တယ်။ အဲဒါတွေက ရှိတော့ရှိနေပြီးသားပေါ့။ ဘယ်လိုအခန်းကဏ္ဍနဲ့ လက်ရှိ အရေးယူဆောင်ရွက်နေတာလဲ။ “အသရေဖျက်မှုလိုဟာက သက်ဆိုင်ရာ ရာဇသတ်ကြီးဥပဒေမှာ ရှိတယ်။ ကင်းလွတ်ခွင့်လည်း ရှိတယ်။ ဒါကတော့ အကြောင်းချင်းရာပြဿနာပေါ့။ လူတယောက်နစ်နာတယ်ထင်ရင် သူတရားစွဲမယ်။ ရေးသားတဲ့ စာနယ်ဇင်းကလည်း ကင်းလွတ်ခွင့် အချက် ၅ ချက်လားမသိ ရှိတယ်။ ကင်းလွတ်ခွင့်တွေနဲ့ အကျုံးဝင်တယ်။ ဒါအသရေဖျက်မှုမရောက်ဘူးဆိုတာ သက်သေပြကြပေါ့။ ကျနော်တို့ အခုလုပ်နေတာက လူမျိုးရေး၊ ဘာသာရေး၊ ညစ်ညမ်း၊ ရာဇသတ်ကြီး ဥပဒေမှာ ညစ်ညမ်းကို တိတိကျကျ အဓိပ္ပာယ်ဖွင့်ထားတာမရှိဘူး။ ဒါကြောင့် ယူနက်စကိုနဲ့ တိုင်ပင်ပြီး ညစ်ညမ်းကို ပြန်ပြီး တိတိကျကျ အဓိပ္ပာယ်ဖွင့်ထားတာရှိတယ်။ နောင်တချိန် ဒီထက်ပိုတိကျတဲ့ ဥပဒေ သီးခြားပေါ်လာမှာပေါ့။ အခုလောလောဆယ်တော့ အဓိပ္ပာယ်ဖွင့်ပြီး ထိန်းသိမ်းဖို့ ကြိုးစားနေတယ်။” ပိုပြီးတော့ ဥပဒေကို တိတိကျကျဖြစ်အောင် လုပ်နေတာပေါ့။ “ဒါပေါ့။ ဒါကြောင့် ညစ်ညမ်းမှာ အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိတော့ ဟိုတလောက ညစ်ညမ်းဆန်ဆန်ထုတ်တဲ့ ဂျာနယ်က ပြောတယ်။ မြန်မာ့ယဉ်ကျေးမှုဆိုတာ ဘာလဲ၊ ပျူခေတ်ကဆို ဗိုက်ဖော်ဝတ်တာပဲ ဆိုတာမျိုးတွေ ပြောတော့ တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တခုရှိဖို့ လိုလာပြီ။ ဒါကြောင့် ဒါကိုဆွဲတာ။ ဥပမာ နိုင်ငံတကာလူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၉၊ ဥရောပသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၀ မှာ ကိုယ့်ရဲ့လွတ်လပ်ခွင့်ကို ကျင့်သုံးတာပဲဖြစ်ဖြစ်၊ လွတ်လပ်ခွင့်တွေ ကျင့်သုံးရာမှာ လူ့အဖွဲ့အစည်းကို မထိခိုက်ဖို့အတွက် ဒီမိုကရက်တစ်စံတွေနဲ့ ကိုက်ညီတဲ့ ကန့်သတ်ချက် လုပ်ခွင့်ရှိတယ်ဆိုလို့ လုပ်တယ်။ ကျနော်တို့က ဘာကိုကြိုးစားနေလဲဆိုတော့ ကျနော်တို့ရဲ့ ကန့်သတ်ချက်သည် ဒီမိုကရက်တစ်အခွင့်အရေးတွေနဲ့ ကိုက်ညီအောင်ပဲ ၀ိုင်းဝန်းကြိုးစား စဉ်းစားနေတယ်။ လွတ်လပ်ခွင့်ကို ဘာနဲ့မှ မကန့်သတ်ဘူးဆိုတဲ့၊ အနှောင်အဖွဲ့မရှိတဲ့ လွတ်လပ်မှုမျိုး ကျနော်တို့ လက်မခံဘူး။ ဒါ နိုင်ငံတကာကလည်း လက်မခံပါဘူး။ ကျနော်တို့နဲ့ မနေ့က ဥရောပသမဂ္ဂရဲ့ပါလီမန်က လူ့အခွင့်အရေးကော်မတီကလူတွေနဲ့တွေ့တော့ သူတို့ ဒါကို လက်ခံတယ်။ အဓိပ္ပာယ်ဖွင့်တာကိုတော့ တိတိကျကျ လုပ်ပါ၊ ယေဘုယျသိပ်ဆန်ရင်တော့ လိုသလို ဆွဲသွားနိုင်တယ်ဆိုပြီး သူတို့ အကြံပြုတာရှိတယ်။ မကန့်သတ်နဲ့လို့တော့ သူတို့လုံးဝမပြောဘူး။” ဒီဥပဒေကြမ်း ၂၉ (ခ)မှာလည်း ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ လိုအပ်ရင် အမိန့်ကြော်ငြာစာ လုပ်ထုံးလုပ်နည်းတွေ ထပ်ကြေညာမယ်။ ၆၂ တုန်းကလည်း စစလာတုန်းက စိစစ်ရမယ်ဆိုတာ လုံးဝမပါဘူး။ နောက်တော့မှ ညွှန်မှူးတွေက တိုးတာပေါ့။ အရင်တုန်းက ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းကလည်း ပြောခဲ့ဖူးတယ်။ တရစ်ဆီပြန်ဖြည်ပေးမယ်၊ ဘာလို့လဲဆိုတော့ တရစ်ဆီတင်းခဲ့လို့၊ အခုရော အဲလိုမျိုးတွေ ထပ်ပြီးတော့ လုပ်ဖို့ ရှိနေသေးလား။ “ဒီလိုမေးခွန်းမျိုးက ပြည်တွင်းစာနယ်ဇင်းသမားတွေ တော်တော်များများလည်း ပြောကြတယ်။ ဘာလို့လဲဆိုတော့ စာနယ်ဇင်းသမားတွေရဲ့ ပြဿနာက ကျနော်တို့က ဥပဒေတခုပြောရင် ဒီဥပဒေကိုမလေ့လာဘဲ ကိုယ့်ခံစားချက်နဲ့ ကိုယ်ပြောတာပေါ့။ တကယ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၇ မှာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတခုပေါ် မူတည်ပြီးတော့မှ လိုအပ်တဲ့ နည်းဥပဒေ၊ အမိန့်နဲ့ ညွှန်ကြားချက်များကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းက ထုတ်ပြန်နိုင်ခွင့်ရှိတယ်လို့ ဒါကြောင့် ၀န်ကြီးဌာနက ထုတ်တာ။ သို့သော် ၀န်ကြီးဌာနကို အကန့်အသတ်မဲ့လုပ်ပိုင်ခွင့်မပေးဘူး။ ပုဒ်မ ၉၇ မှာပြန်ပါတယ်။ ဥပဒေ၊ နည်းဥပဒေတွေ၊ အမိန့်၊ ညွှန်ကြားချက်တွေ ထုတ်ပြန်အပြီး ရက်ပေါင်း ၉၀ အတွင်းမှာ ပြည်ထောင်စုလွှတ်တော်က ပြန်လည်သုံးသပ်ရမယ်။ ထုတ်ပြန်လိုက်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ၊ အမိန့်၊ ညွှန်ကြားချက်တွေဟာ မူရင်းဥပဒေရဲ့ ဆိုလိုချက်၊ သဘောသဘာဝနဲ့ ကွဲလွဲနေရင် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း လုပ်နိုင်တယ်လို့ ပါတယ်။ “၆၂ မှာက တော်လှန်ရေးကောင်စီကလုပ်ခဲ့တာဖြစ်လို့ အဲလိုကန့်သတ်ချက် မပါဘူး။ ဒါကြောင့် ကျနော်တို့က နည်းဥပဒေယူတယ်ဆိုတာကို တချို့စာနယ်ဇင်းသမားတွေက မှားပြောတာပေါ့ဗျာ။ ဥပဒေပြုအာဏာကို ၀န်ကြီးဌာနကယူတယ်။ ဒါကမဟုတ်ပါဘူး။ ဘယ်နိုင်ငံမဆို နည်းဥပဒေထုတ်ပြန်ခွင့်ကို လွှတ်တော်က မယူရဘူး။ ဘယ်နိုင်ငံမှာသွားကြည့်ကြည့် သက်ဆိုင်ရာ အကောင်အထည်ဖော်ရတဲ့အဖွဲ့အစည်းက ထုတ်တယ်။ ပြန်လည်သုံးသပ်ခွင့်အာဏာကို ဥပဒေပြုအဖွဲ့အစည်းက ယူတယ်။ ဒါကြောင့် လူတွေကို တိုက်တွန်းချင်တာက ဥပဒေကို ဝေဖန်ပါ။ သို့သော် နိုင်ငံတကာစံတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လိုဆိုထားလဲ၊ ဒါတွေနဲ့ ပြောရင်တော့ ပိုခိုင်ခိုင်မာမာရှိတယ်။ မဟုတ်ဘဲနဲ့ ပြောလိုက်ရင် ဒါတွေကို ကြားရတော့ လူတွေက ဟုတ်နိုးနိုးဖြစ်တော့ ကျနော်တို့ ပြန်လိုက်ရှင်းရတာ ရှုပ်တာပေါ့။” ပုံနှိပ်ဥပဒေအပြင် တခြား ဥပဒေ ၄ ခုဆွဲနေတယ်လည်း ကြားပါတယ်။ ဒါတွေရဲ့ နောက်ဆုံးအခြေအနေ၊ ဘာတွေလဲ၊ ဘယ်တော့လောက်ထွက်လာနိုင်မလဲ ဆိုတာ ရှင်းပြပေးပါ။ “ဒုတိယကတော့ စာနယ်ဇင်းဥပဒေပေါ့။ ဒါကတော့ စာနယ်ဇင်းသမားတွေရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ၊ ကျင့်ဝတ်တွေနဲ့ သူတို့ကို အကာအကွယ်ပေးရေးကိစ္စတွေ ပါမယ်။ ဒါကို စာနယ်ဇင်းကောင်စီက ဆွဲနေတယ်။ သူတို့ရရင် သူတို့က ကျနော်တို့ကို အခြေခံမူတင်ရင်၊ သူတို့နဲ့ ကျနော်တို့နဲ့ နောက် ကျန်တဲ့စာနယ်ဇင်းသမားတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေပေါင်းပြီး လုပ်မယ်။ ဒါက ဘယ်တော့လောက် ပြီးမလဲဆိုတာကတော့ စာနယ်ဇင်းကောင်စီပေါ် မူတည်တယ်။ “နောက် ရုပ်သံလွှင့်မီဒီယာဥပဒေက ယူနက်စကိုနဲ့ဆွဲနေတယ်။ ပထမအဆင့်ပြီးပြီ။ နောက် ရုပ်ရှင်ဥပဒေပြန်ဆွဲနေတယ်။ နောက် နိုင်ငံပိုင်မီဒီယာတွေကို အများပြည်သူ ၀န်ဆောင်မှုမီဒီယာအဖြစ် ပြောင်းလဲဖို့အတွက် လိုအပ်တဲ့ အများပြည်သူဝန်ဆောင်မှုဆိုင်ရာ ဥပဒေတခုကို ဆွဲနေပြီ။ ပထမမူကြမ်းပြီးပါပြီ။” ဘယ်တော့လောက် တင်ဖြစ်မလဲ။ “လာမယ့် လွှတ်တော်ပြန်စပြီဆိုတာနဲ့ ချက်ချင်းတင်မှာပါ။” ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေနဲ့ပတ်သက်လို့ လူအများရဲ့ စိုးရိမ်မှုတွေကို ဦးရဲထွဋ်အနေနဲ့ ဘာများပြောလိုပါလဲ။ “ဘယ်လွတ်လပ်ခွင့်မဆို ဒီမိုကရက်တစ်အခွင့်အရေးနဲ့ ကျင့်သုံးပေမယ့်လည်း ဒီအခွင့်အရေးကို အကန့်အသတ်မဲ့ ကျင့်သုံးလို့မရဘူးဆိုတာ နိုင်ငံတကာမှာ ပြဋ္ဌာန်းထားဆဲဖြစ်တယ်။ ဒါကြောင့် ကျနော်တို့သည် မိမိတို့နိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ထိန်းကြောင်းမှုတခုတော့ လုပ်မယ်။ သို့သော် ဒါသည် စည်းကမ်းသတ်မှတ်ခြင်းသည် နောက်ကြောင်းပြန်သွားတာ မဟုတ်ပါဘူး။ မိမိအခွင့်အရေးကို နိုင်ငံတကာစံတွေနဲ့အညီ မှန်မှန်ကန်ကန် ကျင့်သုံးနိုင်အောင် လုပ်နေခြင်းသာဖြစ်တယ်။ ဒါကြောင့် ဝေဖန်ပါ၊ အကြံပြုပါ။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတကာစံတွေနဲ့ ကြည့်ပြီးတော့မှ ဝေဖန်တာလုပ်ပါတယ်။ ကျနော်တို့အနေနဲ့ ပေးတဲ့ အကြံအားလုံး ထည့်သွင်းစဉ်းစားဖို့ အသင့်ရှိတယ်လို့ ပြောချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024