ငြိမ်းချမ်းရေး ဆွေးနွေးပွဲရက်ရွှေ့မှု တရုတ်နှင့်မဆိုင်ကြောင်း ငြင်းဆို
DVB
·
April 8, 2013
အစိုးရနဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရွှေ့ဆိုင်းလိုက်တာဟာ တရုတ်ရဲ့ကန့်ကွက်မှုကြောင့် ဖြစ်တယ်ဆိုတဲ့ သတင်းကို တရုတ်သံရုံးက ငြင်းဆန်လိုက်ပါတယ်။
အစိုးရနဲ့ ကချင်လွတ်လပ်ရေး တပ်မတော်တို့ ဧပြီ ၁၀ ရက်နေ့ မတိုင်မီ တွေ့ဆုံဆွေးနွေးဖို့ သတ်မှတ်ထားတာကို တရုတ်ရဲ့ ကန့်ကွက်မှုကြောင့် သင်္ကြန်ကာလပြီးတဲ့အထိ ရွှေ့ဆိုင်းတာနဲ့ပတ်သက်ပြီး တရုတ်သံရုံးက ဧပြီ ၇ ရက်မှာ ရှင်းလင်းချက် ထုတ်ပြန်လိုက်ပါတယ်။
[caption id="attachment_38197" align="alignright" width="300" caption="အစိုးရနှင့် ကေအိုင်အို မတ်လ ၁၁ ရက်နေ့က ရွှေလီတွင်တွေ့ဆုံခဲ့စဉ်(ဓာတ်ပုံ- Hla Maung Shwe)"][/caption]
ဒီအစည်းအဝေး မကျင်းပဖြစ်တာဟာ တရုတ်နိုင်ငံနဲ့ မသက်ဆိုင်ဘူးလို့ ထုတ်ပြန်လိုက်ပြီး အခြေအမြစ်မရှိတဲ့ ဒီသတင်းတွေကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့ ရေးသားထားပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာ့ အိမ်နီးချင်းမိတ်ဆွေစစ်ဖြစ်ကြောင်းနဲ့ မြန်မာ့လွတ်လပ်ရေးနဲ့ အချုပ်အခြာပိုင်ဆိုင်မှု၊ မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေကို အလေးထားကြောင်း ရှင်းလင်းထားပါတယ်။
သံရုံးထုတ်ပြန်ချက်မတိုင်မီက ဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ရတာဟာ ဒီဆွေးနွေးပွဲမှာ အမေရိကန်၊ ဗြိတိန် ကိုယ်စားလှယ်တွေ ပါဝင်တဲ့အပေါ် တရုတ်က မကျေနပ်လို့ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့တာပါ။
ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေကတော့ ကချင်လွတ်လပ်ရေး တပ်မတော်ရဲ့ တောင်းဆိုချက်ကြောင့် ဆွေးနွေးပွဲကို ရွှေ့ဆိုင်းတာပါလို့ ပြောပါတယ်။
“ဦးအောင်မင်းပြောပြတာတော့ ဆွေးနွေးပွဲလုပ်မယ်၊ သူတို့က အဆိုပြုတယ်။ မူအားဖြင့် သဘောတူတယ်။ ကေအိုင်အိုဘက်က လေ့လာသူတွေဖိတ်တယ်။ ၃ ရက်နေ့ညမှာမှ သူတို့ဘက်က လေ့လာသူတွေ အစုံအညီိတက်နိုင်ဖို့ အချိန်မလောက်လို့ အစုံအညီတက်နိုင်မယ့်နေ့ကို ပြန်ရွှေ့ပြောင်းလိုတယ်လို့ ဦးအောင်မင်းကို သူတို့ကပြန်အဆိုပြုလာလို့ ရက်ရွှေ့တဲ့သဘောပါ။ ရေးတဲ့စာမှာတော့ အတိအကျက ၎င်းတို့ဖိတ်ကြားတဲ့ လေ့လာသူများအစုံအညီတက်ရောက်နိုင်မယ့် အချိန်ကို နှစ်ဖက်ပြန်လည် ညှိနှိုင်းဆောင်ရွက်လိုပါသဖြင့် အစည်းအဝေး ရွှေ့ဆိုင်းလိုပါတယ်လို့ ပြောတယ်။ ဦးအောင်မင်းအနေနဲ့ကတော့ ရှေ့မှာ စီအန်အက်ဖ်၊ ပီအန်အယ်လ်အိုတို့နဲ့လုပ်ခဲ့တဲ့ပွဲ အကုန်လုံးမှာ သူတို့ကြိုက်တဲ့ လေ့လာသူတွေဖိတ်တာကို လက်ခံတာပါပဲ။”
ဒါပေမယ့် ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ တရုတ်နိုင်ငံ ရွှေလီဆွေးနွေးပွဲကို အသိသက်သေအဖြစ် တက်ခဲ့တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) တွဲဖက်အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ တရုတ်က မသိမသာ ဖိအားပေးတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
“ရွှေလီမှာ အစည်းအဝေးလုပ်ပေါ့။ တခြားမှာမလုပ်နဲ့ပေါ့။ ရွှေလီမှာလုပ်ရင် သူတို့တာဝန်ယူပေးမယ်။ တခြားမှာလုပ်ရင် သူတို့ကိုယ်စားလှယ် မလွှတ်ဘူးပေါ့။ ရွှေလီမှာလုပ်ရင်လည်း တခြားတိုင်းပြည်က ကိုယ်စားလှယ်တွေ၊ အစိုးရကိုယ်စားလှယ်တွေ မဖိတ်ခေါ်သင့်ဘူးပေါ့။ အဲဒါမျိုး သဘောထားပေးတာပေါ့။ နေရာထိုင်ခင်းပါ ပြဿနာရှိတာပေါ့။ နေရာထိုင်ခင်းနဲ့ တက်ရောက်မယ့်လူ။ သံတမန်ရေးအရပြောရင်တော့ တိတိကျကျတော့ မရှိဘူးပေါ့။ မသိမသာလေး ဖိအားပေးတာတော့ ရှိတယ်။ အထူးသဖြင့် ကြားဝင် ဖျန်ဖြေစေ့စပ်ပေးဖို့ကို တရုတ်ကပဲ တာဝန်ယူမယ်။ ကျန်တဲ့လူ၊ တိုင်းပြည်တွေကို မပါသင့်ဘူးဆိုတာ တရုတ်က သဘောထားရှိတာပေါ့။ ဒါပေမယ့် ကေအိုင်အိုကလည်း တရုတ်တဖွဲ့တည်းနဲ့ မလုံလောက်ဘူး အင်္ဂလန်၊ အမေရိကန်တို့လို တိုင်းပြည်တွေလည်း ပါဖို့လိုတယ်ဆိုတဲ့ အမြင်ရှိတော့ အမြင် ၂ ခု ကွဲလွဲနေတော့ ညှိဖို့လိုတယ်။”
ဒီသတင်းနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ ကချင်လွတ်လပ်ရေး အဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရ ဖြစ်ခဲ့ပါတယ်။
ကချင်လူမှုအဖွဲ့အစည်း ၁၃ ဖွဲ့က ဧပြီ ၆ ရက်နေ့ထုတ်တဲ့ ကြေညာချက်မှာတော့ အစိုးရနဲ့ ကေအိုင်အေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တရုတ်က စွက်ဖက်နေသလို အမေရိကန်နဲ့ ဗြိတိန်တို့ ဆွေးနွေးပွဲမှာ ပါဝင်လာတာကို တရုတ်က ကန့်ကွယ်တယ်လို့ ထုတ်ပြန်ခဲ့ကြပါတယ်။