ဝေဘာဂီဆေးရုံရှိ လူနာအမှတ် ၁၅ တွင် COVID-19 ရောဂါပိုးမတွေ့ရှိတော့
DVB
·
April 15, 2020
ဝေဘာဂီဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ COVID-19 လူနာနံပါတ် ၁၅ မှာ ဓာတ်ခွဲစမ်းသပ်ချက်အရ ရောဂါပိုးမတွေ့ရှိတော့ဘူးလို့ ကျန်းမာရေးဌာနရဲ့ ပြောခွင့်ရသူအဖြစ် တာဝန်ယူခဲ့ဖူးသူ ဒေါက်တာဒေါ်ခင်ခင်ကြီးက သူရဲ့ လူမှုကွန်ရက် ဖေ့ဘွတ်ခ်စာ မျက်နှာမှာ ရေးသားထားပါတယ်။
လူနာ နံပါတ် ၁၅ ရဲ့သွေးထဲမှာလည်း COVID- 19 ရောဂါပိုးကို ခုခံနိုင်တဲ့ ပဋိပစ္စည်း Antibody G ထွက်ရှိနေတယ်လို့လည်း ရေးသားထားပါတယ်။
လူနာနံပါတ် ၁၅ ဟာ ရန်ကုန်က ပုဂ္ဂလိက ဆေးကုခန်း SOS က ကျန်းမာရေး ဝန်ထမ်းတဦးဖြစ်ပြီး သူရဲ့ ခင်ပွန်းဖြစ်တဲ့ ပေါင်ခေါင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူးကတော့ ပြည်မြို့ဆေးရုံကြီးမှာ COVID-19 ကြောင့် ကွန်လွန်ခဲ့ရပါတယ်။
သူ့ခင်ပွန်းကွယ်လွန်ချိန်မှာ သူရဲ့ဆန္ဒအတိုင်း ကျန်ရစ်တဲ့ သားနဲ့ သမီးဖြစ်သူနဲ့ တူမတို့ကို ဝေဘာဂီဆေးရုံကို သက်ဆိုင်ရာကပြောင်းရွှေ့ ပေးခဲ့ပါတယ်။
လက်ရှိသူနဲ့ အတူ သူ့ရဲ့ ကလေးငယ်တွေဟာလည်း တခန်းတည်းမှာ ကုတင်ခြားပြီး ရှိနေတယ်လို့ ဒေါက်တာခင်ခင်ကြီး က ရေးထားပါတယ်။
သူရဲ့ ကလေးငယ် ၂ ဦးနဲ့ တူမဖြစ်သူတို့ဟာလည်း COVID-19 ရောဂါ ကူးစက်ခံထားရတာ ဖြစ်ပြီး သူတို့ရဲ့ ဓာတ်ခွဲနမူနာတွေကိုလည်း ကုသမှုပြီးတဲ့ ၆ ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့ ရယူစစ်ဆေးနေပြီလို့ သိရပါတယ်။