မဲဆောက်တွင် တရားမ၀င် မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးရမိ
DVB
·
April 8, 2013
ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် မဲဆောက်မြို့နယ်ထဲမှာ တရားမ၀င် ၀င်ရောက်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။
တာ့ခ်ခရိုင် မဲဆောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန၊ အမှတ် ၃၄၆ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ အမှတ် ၄ အထူးစစ်ဆင်ရေးတပ်၊ မြို့နယ်အုပ်ချုပ်ရေးဌာန၊ အလုပ်သမားရှာဖွေခန့်ထားရေးဌာနနဲ့ ပြည်သူ့စစ်တွေ ပါဝင်တဲ့ ထိုင်းအာဏာပိုင် အင်အား ၅၀ ကျော်ဟာ ဧပြီ ၆ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။
မဲဆောက်-မယ်တော် လမ်းမကြီးပေါ်မှာရှိတဲ့ မြန်မာအသိုင်းအ၀ိုင်းတို့ စုဝေးရာနေရာ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဗလီ၊ ယူအန်အိပ်ခ်ျစီအာရ်ရုံး အနောက်ဘက်က အိမ်ခန်းနဲ့ မဲဆောက် မြူနီစီပယ်ရုံး အနီးတ၀ိုက် အိမ်ခန်းတွေကို ၀င်ရောက်ရှာဖွေစစ်ဆေးခဲ့တာဖြစ်ပြီး တရားမ၀င်နေထိုင်သူ အမျိုးသားနဲ့ အမျိုးသမီးပါ စုစုပေါင်း ၁၀၀ ဦးနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၃ ဦးကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးဌာနက ထိုင်းသတင်းဌာနကို ပြောသွားပါတယ်။
ဒေသခံတွေရဲ့ သတင်းပေးချက်အရ ၀င်ရောက်ဖမ်းဆီးရတာလို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ပြောကြောင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။