Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမှ စစ်ဘေးရှောင်သူများ အိမ်မပြန်နိုင်သေး
နန်းမြနဒီ
·
April 8, 2013
ပြီးခဲ့တဲ့ မတ်လအတွင်း ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ် ပစ်ခတ်မှုတွေကြောင့် ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ပေါ်ကို ရှောင်ပြေးလာတဲ့ ရွာသားတွေဟာ ကနေ့ထိ အိမ်မပြန်ရသေးဘဲ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက အစိုးရတပ်က နယ်မြေရှင်းလင်းရေးလုပ်ဖို့ တန့်ယန်းမြို့နယ်ထဲမှာရှိတဲ့ လွိုင်စေးနဲ့ လွိုင်လန်းတောင်က  ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ကို ဆုတ်ခွာခိုင်းရာ ရှမ်းပြည်တပ်မတော်က ဖယ်မပေးတဲ့အတွက်  ထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့ပြီး အဲဒီအနီးနားက  ဒေသခံတွေ ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၂၈ ရက်နေ့ကနေ စပြီး ထွက်ပြေးလာတဲ့ ရွာသားတွေဟာ ကနေ့ထိ ၁ ထောင်နီးပါးရှိပြီး တန့်ယန်းမြို့နယ် ပါဖန်၊ မက်ဝေါ၀်း၊ ကုန်းကော်၊ ဟွေ့ပူ၊ ပိန်းဆိုင်း၊ လွယ်စေး၊ ပန်မုန့်၊ နမ့်မိုင်ဖွတ်၊ ဟိုတတ်၊ နောင်အပ် အစရှိတဲ့ ရွာပေါင်း ၁၄ ရွာက ဖြစ်ပါတယ်။ တန့်ယန်းမြို့ပေါ် အောင်မင်္ဂလာ၊ မြို့လည်၊ ဝေလုဝန် စတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ ပလောင်အဖွဲ့အစည်းတွေမှာ ခိုလှုံနေကြပြီး တချို့ကတော့ မြို့တောင်ဘက်  ၂ မိုင်ကျော်က နမ့်လပ်၊ ပန်ယာ့ရုံးနဲ့ နမ့်ပန်ဘက်ကို ထွက်သွားတယ်လို့ တန့်ယန်းမြို့ ကျားဖြူပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းထွန်းဝင်းက ပြောပါတယ်။ “တိုက်ပွဲတွေကို ကြောက်ရွံ့ပြီးထွက်ပြေးလာကြတာလေ။ လက်နက်ကြီးတွေကြောင့်လည်း ပါတယ်။ ၂၈ ရက်နေ့လောက်က ဖြစ်ဖြစ်ချင်း သူတို့ကြောက်ပြီးထွက်ပြေးတာလေ. ၁၂ မိုင်လောက်ကနေ ၁၈-၁၉ မိုင်လောက်ရှိတယ်။ လမ်းလျှောက်လာသူရော ဆိုင်ကယ်နဲ့ရော။ ပါတီအနေနဲ့ ဆန်အိတ် ၂၀၊ အ၀တ်အစားတွေ လှူဖို့ပြင်ဆင်ထားတယ်။” စစ်ဘေးရှောင်သူတွေကို မြို့နယ်အုပ်ချုပ်ရေးရုံး တာဝန်ရှိသူတွေနဲ့ တခြား ရပ်နီးရပ်ဝေး အလှူရှင်တွေကလည်း စားနပ်ရိက္ခာနဲ့ အသုံးအဆောင်တွေ လာရောက်လှူဒါန်းသလို တန့်ယန်းဆေးရုံက ဆရာဝန်တွေလည်း ကျန်းမာရေးလာစစ်ပေးနေတယ်၊ လောလောဆယ် စားရေးသောက်ရေးမပူရပေမယ့် ကျန်ခဲ့တဲ့ ကျွဲနွားတိရစ္ဆာန်နဲ့ လယ်ယာလုပ်ငန်းတွေအတွက် ပူပင်ကြောင့်ကြနေကြတယ်လို့ ဦးစိုင်းထွန်းထွန်းဝင်းက ဆက်ပြောပါတယ်။ တန့်ယန်းမြို့နယ်ထဲမှာ အရင်ကလည်း အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲမကြာခဏ ဖြစ်ပွားခဲ့ပေမယ့် လူအများကြီးထွက်ပြေးပြီး ယာယီဒုက္ခသည်စခန်းအဖြစ် ဖွင့်လှစ်လက်ခံရတာတော့ ဒါပထမဆုံးအကြိမ်ပဲလို့ ဆိုပါတယ်။ ရွာသားတွေ စစ်ဘေးရှောင်ရတာနဲ့ ပတ်သက်ပြီး ပြည်ပအခြေစိုက် ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းက ဧပြီ ၅ ရက်နေ့ နေ့စွဲနဲ့ အစီရင်ခံစာ ၁ စောင် ထုတ်ပြန်ခဲ့ပါတယ်။ အစီရင်ခံစာမှာ ဖော်ပြချက်အရ ခလရ ၅၂၇ အစိုးရတပ်ကို ပေါ်တာထမ်းပေးရတဲ့ လွိုင်စေး ရွာသား ၂ ဦးဟာ  မတ်လ ၂၇ ရက်နေ့က မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်။ နမ့်မလွတ်ရွာက တအာင်းပလောင် အမျိုးသမီးငယ် ၃ ဦးကို အစိုးရတပ်က စစ်တပ်ထဲခေါ်သွားပြီး ၂ ရက်တာ လုပ်အားပေးခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။ ထိတွေ့ပစ်ခတ်မှုတွေ ရပ်တန့်ရေးနဲ့ စစ်ဘေးရှောင်ရွာသားတွေ အကူအညီရရှိရေး၊ နေရပ်ပြန်နိုင်ရေးတို့အတွက်  အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင် ၀န်ကြီး ဦးခင်မောင်စိုးနဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက တာဝန်ရှိသူတွေ  ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့က လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ရွာသားတွေကတော့ အခုထိ အိမ်မပြန်ရသေးပါဘူး။ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဦးသိန်းစိန် အစိုးရနဲ့ ပြည်နယ်အဆင့်ရော၊ ပြည်ထောင်စုအဆင့်ပါ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးခဲ့ပေမယ့်လည်း အနည်းဆုံး အကြိမ်ပေါင်း ၁၀၀ ကျော် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024